မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ

လွတ်လပ်အေးချမ်းတည်ငြိမ်သော ဒီမိုကရေစီ နိုင်ငံသားများ ဖြစ်ကြပါစေ

Wednesday, July 25, 2012

"ဒါလားအချစ်"

အချစ်တဲ့
ဒါလားအချစ်
ရောင်စုံချယ်သက်တန့်တွေကြားက
မာယာများ တဲ့ ကမ္ဘာကြီးပဲ

အချစ်တဲ့
ဒါလားအချစ်
မရိုးသားမှုတွေ နဲ့
ပြောင်းလဲနေတဲ့အရာကြီးပဲ

အချစ်တဲ့
ဒါလားအချစ်
ကိလေသာတွေဖုံးလွှမ်းနေတဲ့
အမှောင်ထုကြီးပဲ

အချစ်တဲ့
ဒါလားအချစ်
ပန်းမပန် နန်းမစံပဲ
ဖြစ်ချင်တိုင်းဖြစ်နေတဲ့အရာကြီးပဲ

အော်.....အချစ်...အချစ်....။

မှတ်သားထားရန်လိုသော Run Box Command များ



သိတဲ့သူများ သိမယ်ထင်ပါတယ်။မသိသေးသော သူငယ်ချင်းများအတွက် ဝေမျှလိုက်ပါတယ် အားလုံးအဆင်ပြေကြပါစေ။

Access.cpl --------- Add/Remove Wizard

Accwiz.exe ---------Accessibility Wizard

appwiz.cpl----------Add/OR Remove Program Wizards

wab.exe ----------- Windows Address Book

ntbackup.exe ---------- Windows backup Program

Charmap.exe -----------Windows character map

control.exe ----------- Control panel

Timedate.cpl ----------Launches the computer’s date and time panel

Devmgmt.msc --------- Runs the Device Manager settings

Cleanmgr.exe ----------- Lets you play the Disk Cleanup utility

netstat.exe --------------- View information about network settings

hdwwiz.cpl --------------- Run the new hardware search wizard

Chkdsk.exe -------------- Runs the utility that checks your hard disk problems

cmd.exe or command.exe ------------- Both use to run MSDOS commands

Defrag.exe --------------- Run the Disk Defragmenter, which organizing files on your hard disk

Desk.cpl ---------------- Launches the Display properties dialog box

fxsclnt.exe ------------------ Use to Runs the Fax Console panel

control.exe folders ------------ Display the Folder option dialog box

control.exe fonts -------------- Display the Fonts Folder option dialog box

freecell.exe ---------------- Runs the FreeCell game

joy.cpl ---------------- Runs the Game Controllers dialog box

mshearts.exe ---------------- Launches the Hearts game

helpctr.exe ------------------ Display the windows Help and Support Center

hypertrm.exe --------------- Runs the HyperTerminal application

bckgzm.exe ---------------- Run the Internet Backgammon game

chkrzm.exe ----------------- Run the Internet Checkers game

iexplore.exe ---------------- Run the Internet Explorer

inetcpl.cpl ----------------- Run the Internet Properties dialog box

main.cpl -------------------- Help you to manage the Keyboard Properties

logoff.exe ---------------- Shortcut to Logoff Windows XP

magnify.exe -------------- Launches a program to magnify windows applications

conf.exe ----------------- Runs the Microsoft NetMeeting conferencing program.

Internet ဆိုင်တွေမှာ Gmail Address မကျန်အောင် ဘယ်လိုလုပ်မလဲ

သိတဲ့သူများလည်း သိကြပါလိမ့်မယ် ဒါလေးကတော့ ကျွန်တော် ရဲ့ ပထမဆုံး နည်းပညာနဲ့ ပတ်သက်တဲ့ Post လေးပါပဲ။Gmail Address တွေ ကျန်ခဲ့တော့ ကိုယ့် Address သူများသိတော့ အနည်းဆုံးတော့ လာအက်တာပေါ့။
ကဲပထမဆုံး

(၁)Run Box ကို ခေါ်လိုက်ပါ (Window+R)

(၂)အဲဒီ Run Box ထဲ မှာ Regedit ကို ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

(၃)ကျလာတဲ့ Regisity Box ထဲမှာ Folder (5) ခု တွေ့ရပါလိမ့်မယ်၊အဲဒီထဲက ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်လိုက်ပါ။ List ကျလာပါလိမ့်မည်။

(၄)အဲဒီကျလာတဲ့ List ထဲကမှာ Software folder ကိုရှာပြီး ဘေးမှာ ရှိတဲ့ + ကိုပဲနှိပ်လိုက်ပါ။နောက်ထပ် List တစ်ခု ထပ်ကျလာပါလိမ့်မယ်။

(၅)အဲဒီ List ထဲကမှ ထပ်ပြီး Google ကို ရှာပြီး အပေါ်က အတိုင်းလေးလုပ်လိုက်ပါ List တစ်ခု တွေ့ရပါအုံးမယ်။

(၆)Google Talk ကို ထပ်ရှာ ပြီး ကလစ်လိုက်ပါ။ကျလာတဲ့ List ထဲကမှ Account ကို နှိပ်လိုက်ရင် Gmail Address များကိုတွေ့ရပါလိမ့်မယ်။ အဲဒီထဲက ကိုယ်သုံးခဲ့ တဲ့ အကောင့်ကို လိုက်ရှာပြီး Right Click နှိပ်ပြီး Delete လုပ်လိုက်ပါ။နောက်ပြီး တစ်ခု သတိထားရမှာက အောက်မှာ Name/Type/Data တို့ကျန်ခဲ့ရင် Right Click နဲ့ Delete လုပ်လိုက်ပါ။

Sunday, July 22, 2012

နိုင်ငံကျော်မင်းသမီးယောင်္ကျား



နေတိုး၊စိုးမြတ်သူဇာ၊အေးမြတ်သူ

သမီးကိုလိုချင်အမေကိုကြည့်


အောင်ရဲလင်း၊စိုးမြတ်သူဇာ၊ခင်ဇာခြည်ကျော်၊ချောရတနာ၊ဝါဆိုမိုးဦး

ဘဝကိုအရင်းတည် ပညာကို အမှီပြု ပြန်လည်ထုဆစ်ရတဲ့ ဘဝ

လောကကြီးမှာ ဘဝအမျိုးမျိုး လှုပ်ရှားမှုအမျိုးမျိုး နဲ့ ရှင်သန်နေထိုင် အသက်ရှင်လှုပ်ရှားနေရပါတယ်။ လူတိုင်းဟာ ကိုယ်ပိုင်ဘဝတွေ ကို ဖန်တီးထုဆစ်ရာမှာ ကောင်းသထက်ကောင်းအောင် သူတို့ ရဲ့ လက်ရှိဘဝတွေ နဲ့ အတတ်ပညာ၊အသိပညာတွေကိုရင်းနှီးရှာဖွေရပါတယ်။အဲဒီလိုရလာတဲ့ Tool တွေ နဲ့ လက်တွေ့ ဘဝကို ဘယ်လိုပုံဖော်ထုဆစ်မလဲဆိုတာ ၊ အဲဒီ Tool တွေ က အသုံးဝင်တဲ့ Tool တွေ ဖြစ်မနေဘူးဆိုရင် မျှော်လင့်ချက်တွေ ပျေက်ဆုံးသွားမှာပါ။

ကျွန်တော် ဟာ မိဘနှစ်ပါးကတစ်ယောက်တည်းမွေးလာတဲ့ တစ်ဦးတည်းသောသားပါ။တစ်ချို့လူတွေ ကတော့ ကျွန်တော်လိုလူမျိုးတွေကို ပိုက်ဆံရှိတဲ့သူဆို တစ်ဦးတည်းသောသား ပိုက်ဆံမရှိတဲ့လူကို ကြတော့ တစ်ကောင်ကြွက် တဲ့။ ဘယ်သူတွေ ဘယ်လိုပဲပြောပြောပါ တစ်ယောက်တည်း အထီးကျန်ကျန် နေရတာတော့ အမှန်ပါ။

ဘာကြောင့်လည်းဆိုတော့ ကျွန်တော်မိဘများက အရောင်းအဝယ်သမားများဆိုတော့ အိမ်မကပ်နိုင်ဘူး။အဲဒါကြောင့် ပဲ ကျွန်တော် ဟာ ငါးတန်းလောက်ကတည်းက ကိုယ့် ဘဝ ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ပဲကြီးပြင်းခဲ့ရတယ်။အဲဒီလိုနဲ့ နေလာတာ ကျွန်တော် ဘဝ ဆိုတာ ကို အနည်းငယ်နားလည်သယောင် ရှိလာပါတယ် ဒါပေမဲ့ အဲဒီဘဝဆိုတာ ကြီးကဘယ်သော်အခါမှ ပြီးပြည့်စုံသော နားလည်မှု ရမှာမဟုတ်ဘူးဆိုတာ ပိုပြီးနားလည်လာတယ်။
အဲဒီလို ဘဝ ကနေစပြီး ပညာတွေ လေ့လာသင်ယူစေခဲ့ပါတယ်။ကျွန်တော် ဘဝ ဟာ မချိုမြိန်ပါဘူး မိဘများမှာတော့ ကျွန်တော် ဘဝ ချိုမြိန်ဖို့အတွက် ပညာအမွေတွေ ကို ပေးခဲ့ပါတယ်။

ကျွန်တော်ဆယ်တန်းကျောင်းသား ဘဝ က ကျွန်တော်တို့မိသားစု ရဲ့ စီးပွားရေး အခြေနေ အတော်လေးကို ဆိုးရွားခဲ့တဲ့ နှစ်ပါ။ဘယ်လောက်ထိ အခြေနေမကောင်းခဲ့လည်းဆိုရင် သုည အဆင့်ထိကိုရောက်ရှိသွားခဲ့ ပါတယ်။သုည မှ ဘယ်လို သုည လည်းဆိုတော့ ဂဏန်းတွေ ရှေ့က သုညပါ။ဆယ်တန်းကျောင်းသား ဘဝကို ကျွန်တော်မိဘများမှာ သူများလူငှား လိုက်ပြီး ကျောင်းတက်စေခဲ့ပါတယ် ။အဲဒါတွေ ကို နားလည်ခဲ့တဲ့ ကျွန်တော်ဟာ ကျောင်းသွားလို့ မုန့်ဖိုးပေးရင် မယူပါဘူး သူများတွေ မုန့်စားဆင်းချိန်ဆို ကျွန်တော် မုန့်ဆိုင်ကို မသွားပါဘူး ဘယ်သူကျွေးကျွေးလည်း မစားပါဘူး ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က ပြန်မကျွေးနိုင်မှာဆိုးလို့ပါ။ကျွန်တော် ကို အဲဒီလို လူငှား လိုက်ပြီး ကျောင်းထားတယ်ဆိုပေမဲ့ ကျူရှင်စရိတ်၊ ကျောင်းစရိတ် ကို တစ်လမှ သူများထက်နောက်မကျအောင် ပေးလေ့ရှိပါတယ်။
ဒီနေရာ ကျွန်တော် ကျူရှင်တွေ ဖြစ်ပေါ်လာတဲ့ အမြင်လေး ကို ပြောပြချင်ပါတယ်။ကျူရှင်တွေ ဘာလို့ ပေါ်လာသလဲ ပညာရေး ကို အင်မတန် စိတ်အားထက်သန်တဲ့ ပိုက်ဆံရှိမိသားစု အသိုင်းအဝိုင်းတွေ က စခဲ့တယ်လို မြင်ပါတယ် ။ အဲဒါကို စီးပွားရေး မျက်စိ ရှိတဲ့ လူတွေက ကောင်းကောင်းအသုံးချပြီး ကျူရှင်ဆိုတာ ကြီးကို ကောင်းကောင်းအသက်သွင်းပါတော့တယ် ။ဘယ်လောက်ထိဆိုးရွားလာသလဲဆိုရင် ကျူရှင်ဆိုတဲ့ ပယောဂ ကြီး ကျောင်း ရဲ့ စာသင်ခန်းတွေ အထိတောင် သက်ရောက်လာခဲ့ပါတယ်။ ကျူရှင်မတက်နိုင်ရင် စာကောင်းကောင်းနားမလည်တဲ့ ဘဝအထိရောက်သွားတယ် ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းမှာ ဆရာ/ဆရာမ တွေ စာကောင်းကောင်းမသင်တော့ပါဘူး။ဒါကြောင့် ဘယ်လောက်အထိမတက်နိုင် တဲ့ကြားကပဲဖြစ်ဖြစ် ကျူရှင် ကို မဖြစ်မနေ ထားရတဲ့ အခြေနေမျိုးတွေ ဖြစ်လာပါတယ်။မိဘများမှာ လည်း မိမိရဲ့သားသမီးများ ပညာရဖို့ သူတို့တွေ ရဲ့ ဘဝ ကို ချွေးတွေနဲ့ပဲလုံးထွေးစေခဲ့တယ်။
နောက်ပြီး တစ်ခုပြောရအုံးမယ် ကျွန်တော်က ကျူရှင်တက်တယ်ဆိုတာ သူများတွေလို ကျောင်းကသင်တဲ့ဆရာတွေ ဆီမှာ မတက်ဘူး မတက်တော့သူတို့တွေ ရဲ့ ညိုညင်မှုကိုလည်း မကြာခဏ ခံရလေ့ရှိပါတယ်။ကျွန်တော် ကိုးတန်း နှစ်လောက် က ဆရာမတစ်ယောက် ကို တိုင်ဘူးတယ် ကျူရှင်ခေါ်သင်ပြီး ကျောင်းမှာ စာမသင်လို့ အဲဒါနဲ့ နောက်ရက်ကျ အဲဒီဆရာမ ကျောင်းလည်း စာကောင်းကောင်း သင်လာတယ် ။ ကျွန်တော်ကိုလည်း သူဆီမှာ ပိုက်ဆံမယူပါဘူး လာတက်ပါလို့ ပြောတဲ့ဗျာ ။ ကျွန်တော်ဘယ်လောက်စွမ်းသလဲ စာရေးဆရာ နေဝင်းမြင့်ပြောသလို တောက်မည့်မီးခဲတစ်ရဲရဲ ပေါ့ ဟဲ ဟဲ။
ဒီလိုနဲ့ ကျွန်တော် ရဲ့ ကြိုးစားမှုတွေ ကို အသိမှတ်ပြုတဲ့ အနေနဲ့ ဆယ်တန်းကို ဂုဏ်ထူးတစ်ခုမှမပါပဲ အောင်ခဲ့ပါတယ် ဟီးဟီး ။ ဂုဏ်ထူးသာမပါတာ ကျွန်တော် စက်မှုလက်မှုအသက်မွေးဝမ်းကျောင်း မှာ တက်ခွင့်ရခဲ့ပါတယ်။ဒါကြောင့် ဆရာ/ဆရာမတွေ ရဲ့ အမြင်မှာ မတော်သော်လည်း မချော်သော တပည့်တစ်ယောက် ဖြစ်ခဲ့ရပါတယ်။
အဲဒီတော့ ကျွန်တော် မိဘများမှာ မောပြီပေါ့ ကျွန်တော် က အဝေးသင်တက်ပြီး စီးပွားရေး ထွက်လုပ်မယ်လို့ပြောပါတယ် လက်မခံပါဘူး ကျွန်တော် ရဲ့ အဆိုပြုချက်ကို ဒါနဲ့ပဲ ပြန်လည် ရုပ်သိမ်း လိုက်ရပါတယ်။


အဲဒီလိုနဲ့ ကျောင်းတက်ရင်းနဲ့ ငါကျောင်းပြီးရင် ဘာလုပ်ရပါ့မလဲ ဆိုပြီး အတွေးတွေ စတင်ဝင်ရောက်လာတဲ့ အရွယ်တစ်စိတ်တစ်ပိုင်းကို ခြေချမိလာပါတယ် ဒီလိုအတွေးတွေ နဲ့ ပဲကျောင်း ကိုဆက်ပြီး တက်စေခဲ့ပါတယ်။ကျောင်းသားသက်ရင့်လာတာနဲ့အမျှ ကျောင်းရဲ့ လိုအပ်ချက်တွေ ကျောင်းသားတွေ ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ၊ မျှော်လင့်ချက်တွေ ၊ သင်ကြားသင်ယူမှုတွေနဲ့ ဘယ်လောက်ထိ ထောက်ပံ့မှုပေးနိုင်သလဲ ဆိုတာတွေ ၊ ကျွန်တော် ကိုယ်တိုင်တွေ့မြင်ရလာတော့အတော်ကို ဝမ်းနည်းစိတ်မကောင်းဖြစ်မိရပါတယ်။ အခုအချိန်ထိလည်း ဒီဒဏ်တွေ ကို ကျောင်းသားများဟာ ကောင်းကောင်းခံနေရမှာမလွယ်ပါဘူး။ဘာကြောင့်လည်းဆိုတော့ မျှော်လင့်ချက်ဆိုတာ လူ တစ်ယောက်ရဲ့ အနာဂတ် ပါ။မျှော်လင့်ချက်ကင်းမဲ့နေတဲ့လူသားတစ်ယောက် ရဲ့ ဘဝ အနာဂတ် ဆိုတာ လားလားမျှ ကောင်းမည်မဟုတ်ပါ။ဒါတွေဟာ ကျွန်တော်တို့ ကျောင်းသားအများစု ကြုံတွေ့ခံစားနေရတဲ့ ဝေဒနာပါ။
ကျွန်တော်တို့ လူငယ်အများစု/ကျောင်းသားအများစုဟာ တစ်နှစ်ထက်တစ်နှစ် လေ့လာမှု၊သင်ယူမှု ၊တွေးခေါ်မှုတွေ နည်းသထက်နည်းလာပါတယ် ။ကျွန်တော် ကိုယ်တိုင်လည်း အဲဒီ အိမ်မက်ဆိုးတွေကြားက ရုန်းထွက် နိုင်အောင် အခုချိန်ထိ ကြိုးစားနေဆဲပါ။


ကျွန်တော်အပါအဝင် ကျောင်းသားအများစု ဟာ ပြည့်ပြည့်စုံစုံ နဲ့ ပညာကို သင်ယူခွင့်ရတဲ့လူဟာ နည်းပါတယ်။ ဒီလိုကျောင်းတက်နိုင် ဖို့ ကျွန်တော်တို့ ရဲ့ မိဘတွေ ဟာ သူတို့ရဲ့ ဘဝတွေ ကို အရင်းတည်ပြီး ကိုယ့်သားသမီး တွေ ပညာတက်တွေ ဖြစ်စေဖို့ ကြိုးစားခဲ့ရပါတယ်။အဲဒီပညာတွေ သင်ပြီး ဘွဲ့ တွေ ရခဲ့သည်တိုင်အောင် ကျွန်တော်တို့ ဟာ ဘဝ ရဲ့ အာမခံချက်ကို တစ်စုံတစ်ခုမျှ မရခဲ့ပါဘူး။အရေအတွက်တွေ များပြားသလောက် အရည်အချင်းတွေ နည်းပါးလာတာ ဘာကြောင့်လည်း ပြန်တွေးကြည့်ရင် ပထမ ဆုံး အပြစ်တင်ရမှာ ကျွန်တော်ကိုကျွန်တော် အပြစ်တင်ရမှာပါ။ကျွန်တော်လည်း အရေအတွက်ထဲက လူတစ်ယောက် ဖြစ်နေလို့ပါ။ အခုဆိုရင် ကိုယ်တိုင် ဘဝ ကိုထုဆစ်ဖို့ အချိန်ကျရောက် လာသည့်တိုင်အောင် ကျွန်တော် ပိုင်ဆိုင်ထားတဲ့ ဘွဲ့ ဆိုတဲ့ အကာသက်သက် အရည်အချင်းတွေက ဘဝကို ပုံဖော်ထုဆစ်ဖို့ အမှီမပြုနိုင်ဘူးဆိုတာ သဘောပေါက်လာတယ် နားလည်လာတယ်။
ဘာတွေဘယ်လိုပြင်ဆင်နိုင်မလဲ လို့ ကျွန်တော်စဉ်းစားပါတယ် အရင်ဆုံး ကိုယ်တိုင် ပြုပြင်သင်ယူရမယ်ဆိုတာ နားလည်လာတယ်။


ဘဝနဲ့ရင်းပြီးသင်ယူခဲ့ရတဲ့ ပညာ တွေ ကို တဖန်ပြန်လည် ဘဝကို ထုဆစ်ဖို့ အချိန်ကျရောက်လာတဲ့ အခါမှာ အမှီပြုနိုင်တဲ့ ပညာ တစ်ခု အဖြစ် ပတ်ဝန်းကျင် က ဖန်တီးမပေးနိုင်တောင်မှ ကိုယ်တိုင်ဖန်းတီယူနိုင် ကြပါစေလို့ ဆုတောင်းရင်းနဲ့အဆုံးသတ်လိုက်ရပါတယ်။

Wednesday, July 18, 2012

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူ သတ်သလဲ

ဦးအောင်ခင် ရေး သား သော ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ ဆိုတဲ့ Ebook လေးပါ အာဇာနည်နေ့ အတွက်အောက်မေ့ဘွယ်ရာပါ။လူတိုင်းသိထားသင့်တဲ့ နေ့တစ်နေ့ပါ ။အောက်မှာ ဒေါင်းလိုက်ပါ

imagebam.com

Download

အမေသို့

imagebam.com

ဒီစာလေးဟာ ၂၀၁၂ ခုနှစ် မတ်လ ၃ ရက်နေ့ က ကျွန်တော်ရဲ့ fb မှာ ရေးသားခဲ့တဲ့စာလေးပါ (အမေ မန္တလေး ကိုလာတဲ့နေ့ပေါ့)

"အမေ" သား အမေ ဟောပြောမဲ့ ဟောပြောကွင်း ရှိရာ သားရောက်နှင့်ခဲ့ပါတယ်၊ သား တရွေ့ ရွေ့ တိုးရင်းနဲ့ Media သမားတွေ အတွက်သတ်မှတ် ပေးထားတဲ့ နေရာ မှာ သား ဓာတ်ပုံ အနည်းငယ်ရိုက်ခွင့်ရခဲ့ပါတယ် အမေ ဟောပြောကွင်း ကို အမေ ရောက်တဲ့ အချိန်မှာတော့ သား Media သမား အစစ်အမှန်မဟုတ်တဲ့ အတွက်ကြောင့် ရှေ့ ဆုံးမှာ အမေကို စောင့်နေတဲ့ ကျောင်းသူ/သား လေးများရဲ့ ကြားမှာ နေရာ ဝင်ယူမိပါတယ်။ သားဘာကြောင့်မှန်းမသိဘူး အမေ အလိုလို ဝမ်းနည်းလာတယ် နောက်ပြီး ကြက်သီးတွေထလာတယ် နောက်ပြီး ဘာမှန်းမသိတဲ့ ခံစားချက်တွေ နဲ့ သား ရဲ့ လစာ နဲ့ စုပြီး ဝယ်ထားတဲ့ ကင်မရာလေး နဲ့ တစ်ဖျပ်ဖျပ် ရိုက်နေမိတယ် အမေ အဲဒီ အချိန်မှာ သား နားမှာ ကြားနေရတယ် "အမေ ကျန်းမာပါစေ" ဆိုပြီး သံပြိုင်အော်နေကြတဲ့ လူထုပရိတ်သတ် အသံကိုကြားနေရတယ် သား စိတ်တွေ ရဲရဲ နီနေပြီ ကြောက်စိတ်တွေ လည်းမရှိတော့ဘူး အဲဒီအချိန်မှာ အမေ ဟောပြောစင် ပေါ်ကို ရောက်လာတယ် သား လောကကြီး နဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီ အမေကိုကြည့်ပြီး သား ဝမ်းနည်းလာတယ် ၊အမေလည်းအတော်ပင်ပန်းရောပေါ့ ၊သားဘဝမှာ တစ်ခါမှ မခံစားဘူးတဲ့ ခံစားချက်တွေ နဲ့ ခံစားမိတယ် အမေ၊ အမေ ဟောပြောပွဲ ကနေ အပြန်မှာ သား အတွေးပေါင်းများစွာနဲ့ပေါ့ သားကျောင်းသားဘဝ တုန်း မှာလည်း ကျောင်းသားတစ်ယောက် ရဲ့ လိုအပ်ချက် နဲ့ လွတ်လပ်မှုတွေ သားတို့ မရခဲ့ဘူး အမေ အခု သားဝန်ထမ်း တစ်ယောက်ဖြစ်နေပြီ ဝန်ထမ်းတစ်ယောက် ရဲ့ လိုအပ်ချက် နဲ့ လွတ်လပ်မှု နောက်ပြီး ..စသည့်ဖြင့်ပေါ့ ဘာတစ်ခု မှ မရသေးဘူး အမေ၊သား ဒီမိုကရေစီ ဆိုတဲ့ အရာကို သား အပြည့်အဝ နားမလည်ပါဘူး ဒါပေမဲ့ သားယုံကြည်တယ် အဲဒီဒီမိုကရေစီ အမေ ယူပေးနိုင်မယ် နောက်ပြီး သားတို့ ရဲ့ ညီငယ်၊ညီမငယ်တွေ သားတို့ လိုမဖြစ်စေချင်တော့ဘူး၊သားတို့လို လွတ်လပ်မှုကို မဆုံးရှုံးစေချင်တော့ဘူး အမေ၊ သား အမေကို ကြိုဆိုတဲ့ ပွဲမှာ ပါတံဆိပ် ၊ ဘာအမှတ်အသားမှ သားကိုယ်ပေါ်မှာ ဆင်မြန်းမထားဘူး အမေ ဒါပေမဲ့ သားရင်ထဲမှာ အမေအစဉ် ရှိနေတယ် အမေအကြောင်းကို တွေးရင် သားအားရှိလာတယ် သား ဘဝမှာ ကြိုးစားရုန်းကန် ရတာကို ပိုသဘောကျလာတယ်၊ သား ဘဝမှာ အမေဟာ ဒုတိယ အမေပါ၊အဲဒါကြောင့် အမေ လျှောက်တဲ့လမ်း ဟာ သားတို့ လိုချင်တဲ့ ဖြောင့်မတ်တဲ့လမ်းဆိုတာ သား အကြွင်းမဲ့ ယုံကြည်တယ်၊အမေ လျှောက်တဲ့လမ်း ဟာ ခက်ခဲကြမ်းတမ်းတယ်ဆိုတာ သား နားလည်ပါတယ် ဒါပေမဲ့ အမေ သားတို့တစ်တွေ အမေ လက်ကို ခိုင်ခိုင်တွဲထားပါပြီ အမေသာ ရှေ့ကလမ်းပြပါ သားတို့ နောက်က ထပ်ချပ်မကွာ လိုက်မှာပါ ၊ အမေ အားတင်းထားပါ ၊ အမေရဲ့ အောင်မြင်မှုဟာ မလွှဲမသွေ ရောက်လာမှာပါ အမေရဲ့ အောင်မြင်မှုဟာ သားတို့အားလုံးရဲ့ အောင်မြင်မှုပါပဲ အမေ။အမေ သား ဟာ နိုင်ငံရေးသမားတစ်ယောက်မဟုတ်သလို နိုင်ငံရေးဆိုတာကိုလည်း အတွင်းကျကျ နားမလည်ပါ ဒါပေမဲ့ အမေ သား ခံစားမိတဲ့ ခံစားချက်လေး ကို စာလေးတစ်စောင် အဖြစ် ရေးခြင်းပဲဖြစ်ပါတယ်။သား ခံစားမိသလို အားလုံးလည်း ခံစားမိလိမ့်မယ်လို့ သားယုံကြည်တယ် အမေ။ အမေနေကောင်းကျန်းမာ ပြီး သားတို့တစ်တွေ ရဲ့ လိုလားတောင်းတ မိတဲ့ လမ်းစဉ်ကို ဖြစ်လာစေဖို့ သားတို့တစ်တွေ အမေလက်ကို ခိုင်ခိုင်တွဲ ပြီး လိုက်မယ်အမေ…။



အမေကျန်းမာလို့ သားတို့ ပြည်သူတွေ ရဲ့ အကျိုးကို စထက်တစ်ပိုး ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းလျက်........။

ချစ်သောသား
ပေါက်ငယ်

အာဇာနည်နေ့ အောက်မေ့ဖွယ် ဓာတ်ပုံများ

imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com imagebam.com

Wednesday, July 11, 2012

အဖြစ် များသော ဒဏ်ရာများ အတွက် ရှေးဦး ပြုစု နည်းများ........( လူတိုင်းသိထားသင့်သည် )

imagebam.com

အရေး ပေါ် ကျန်းမာ ရေး အခြေအ နေ အတွက် ဘယ်လို ကုသ ရမယ် ဆိုတာ သိပါ သလား။ အရေးပေါ်အခြေအနေ ဖြစ်လာချိန်မှာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေတတ် ပါသလား။ အရေးပေါ် အခြေအနေတွေ အတွက် သိထားသင့်တဲ့ ရှေးဦးပြုစုနည်း တွေကို ရေးသားလိုက်ရပါတယ်။

(၁) အရေပြားနီမြန်းခြင်း
အရင်က အရေပြားယားယံနီမြန်း တာမျိုး ဖြစ်ဖူးရင် သက်သောင့်သက်သာ မဖြစ်တာကို သိနားလည်ပါလိမ့်မယ်။ ကံ ကောင်းတဲ့အချက်က အရေပြားနီမြန်း ယားယံနေရင် ဟိုက်ဒရိုကော်တီဇုန်းခ ရင်မ် (Hydrocortisone Cream) ကို လိမ်းပေးနိုင်ပါတယ်။ အဲဒီခရင်မ်ဟာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး အရေပြား နီမြန်းတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ် တာနဲ့ ရောင်ရမ်းတာတွေကို သက်သာ စေနိုင်ပါတယ်။

(၂) အဆိပ်သင့်ခြင်း
အဆိပ်ရှိတဲ့ အရာတိုင်းကို ဦးခေါင်း ခွံအား ကြက်ခြေခတ်ပြီး ဖော်ပြထားလေ့ မရှိပါဘူး။ ဒါကြောင့် မတော်တဆအဆိပ် သင့်မှုဖြစ်ခဲ့ပြီဆိုရင် Ipecac Syrup ကို ဆောင်ထားပါ။ အန်အောင် လှုံ့ဆော်ပေး နိုင်တာကြောင့် အဆိပ်တွေ ထွက်သွား နိုင်ပါတယ်။

(၃) အင်းဆက်ကိုက်ခြင်း
အင်းဆက်တွေက ပူတဲ့ အချိန်တွေ မှာ ပိုပေါတတ်ပါတယ်။ အင်းဆက်အ ကိုက်ခံရရင် လူအများစုမှာ သေးငယ်ပြီး ယားယံတဲ့ အဖုသေးတစ်ခု ထွက်လာ တတ်ပါတယ်။ အင်းဆက်ကိုက်တာက မပြင်းထန်ဘူးဆိုရင် ဒဏ်ရာပေါ် ရေခဲ ဝတ်ကပ်ပေးရုံနဲ့ ရောင်ရမ်းနာကျင်မှု လျော့ ကျစေနိုင်ပါတယ်။
ဟစ်စတာမင်းဆန့် ကျင်ဆေး (Anti-histamine pill) ကို သောက်ရင် ယားယံတာ သက်သာပြီး အိပ်မောကျသွားပါလိမ့်မယ်။ အင်းဆက် နဲ့ ဓာတ်မတည့်မှု ဖြစ်တတ်တဲ့သူတွေ အင်း ဆက်အကိုက်ခံရရင် ပိုဆိုးစေနိုင်ပါတယ်။ လက္ခဏာအနေနဲ့ ပူတာ၊ မျက်နှာရဲတာ၊ အသက်ရှူရခက်တာ၊ ရင်ဘတ်ထဲ တင်း ကျပ်နေတာ စတဲ့ လက္ခဏာတွေ ခံစားရ တတ်ပါတယ်။ ဒါဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပြ သင့်ပါတယ်။

(၄) ဝမ်းပျက်ဝမ်းလျှောခြင်း
လူတိုင်း ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင် ပါတယ်။ ဝမ်းပိတ်ဆေးတွေ ရှိပေမယ့် အလွန်ပြင်းထန်တဲ့ ဝမ်းလျှောတဲ့အခြေ အနေမှသာ သုံးသင့်ပါတယ်။ ဝမ်းလျှော နေရင် ကုန်ဆုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ် ဆားတွေ ပြန်လည်ဖြည့်တင်းနိုင်စေဖို့ ဓာတ်ဆားရည်ကို သောက်ပေးပါ။

(၅) သွားကိုက်ခြင်း
သွားကိုက်နေရင် လေးညှင်းဆီကို ကိုက်တဲ့ သွားနေရာပေါ် သုတ်လိမ်းပေး ပါက ကိုက်ခဲနာကျင်မှု သက်သာစေနိုင် ပါတယ်။ ဂွမ်းစကို လေးညှင်းဆီထဲဆွတ် ပြီး နာကျင်တဲ့ သွားနေရာပေါ် တင်ပေး ပါ။ ဆားရေနွေးနဲ့ ပလုတ်ကျင်းပေးတာ ကလည်း ရောင်ရမ်းနာကျင်မှုကို လျော့ ပါးစေနိုင်ပါတယ်။

(၆) အရေပြားစုတ်ပြဲခြင်း
အရေပြားစုတ်ပြဲဒဏ်ရာက နာ ကျင်မှုကို မဖြစ်စေနိုင်ပေမယ့် ကူးစက်ပိုး ဝင်တာနဲ့ ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါ တယ်။ အရေပြားထဲ အမှိုက်တွေရှိ၊ မရှိ အရင်စစ်ဆေးကြည့်ရှူပြီး ဖယ်ရှားပါ။ ပြီး ရင် ရေနဲ့ ဆပ်ပြာသုံးပြီး ဆေးကြောပေး ပါ။

(၇) လျှပ်စစ်ရှော့ခ်ရခြင်း
လျှပ်စစ်ရှော့ခ်ရတာကြောင့် အရေ ပြားမီးလောင်ကာ အရေးပေါ် ဆေးကုသ ဖို့ လိုအပ်နေနိုင်ပါတယ်။ ဆေးရုံ၊ ဆေး ခန်းမရောက်ခင်မှာ လုပ်သင့်တဲ့ အရေး ပေါ်ကုထုံးက မီးလောင်ဒဏ်ရာပေါ်မှာ ရေအေးလောင်းချတာ၊ ပဋိဇီဝပိုးသတ် ဆေးလိမ်းဆေးလိမ်းပေးတာတွေကို ပြု လုပ်ပေးပါ။

(၈) နေလောင်ခြင်း
နေလောင်တာကြောင့် အရေပြား နာကျင်နီမြန်းမှု ခံစားရရင် ရေအေးဝတ် ဖိပေးတာ၊ နို့အေးသုတ်လိမ်းပေးတာတွေ ကို ပြုလုပ်ပေးပါ။ တစ်နေ့မှာ သုံးကြိမ်လေး ကြိမ်လောက် မိနစ် ၂၀ ခြားပြီး လုပ် ပေးနိုင်ပါတယ်။ ရောင်ရမ်းနီမြန်းမှု သက် သာစေဖို့ (အရွယ်ရောက်သူဖြစ်ရင်) အက်စ်ပရင်ဆေးကို သောက်ပေးနိုင်ပါ တယ်။

(၉) အဆစ်လွဲခြင်း
လက်ကို ချိုးလိမ်တာ၊ ဆွဲလိုက်တာ၊ မတော်တဆထိခိုက်မိတာနဲ့ အဆစ်လွဲ တာတွေ ဖြစ်ရင် နာကျင်ရတတ်ပါတယ်။ အဲဒီအခါ နာကျင်မှု သက်သာအောင် ရေခဲဝတ်ကပ်ပေးပြီး အကိုက်အခဲပျောက် ဆေးနဲ့ ရောင်ရမ်းမှုတားဆေးတွေကို မှီ ဝဲသင့်ပါတယ်။ အဆစ်နာမှုအများစုအ တွက် PRINCE ဆိုတဲ့ စကားလုံးကို မှတ်ထားသင့်ပါတယ်။ ဖြစ်တဲ့နေရာကို မထိခိုက်အောင် ကာကွယ်ပါ (Protect) အနားယူပါ (Rest)၊ ရေခဲကပ်ပါ (Ice)၊ ကိုက်ခဲရောင်ရမ်းမှုကျဆေး သောက်ပါ (NSAIDs)၊ ဖိထားပါ (Compress)၊ မြှင့်ထားပါ (Elevate)ဆိုတဲ့နည်းတွေ ကိုလိုက်နာရင် အမြန်အနာကျက်စေနိုင် ပါတယ်။
Good Health

credit:Mg Mandalay fb

Tuesday, July 10, 2012

Thursday, July 5, 2012

ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်

imagebam.com
အထ္ထုပတ္တိ စာအုပ် (သန်းဝင်းလှိုင်)
download
photo credit: Jittoo Monywa

လွှတ်တော်နိုင်ငံရေး၊ အခြေခံဥပဒေ နှင့် ပြင်ဆင်သင့်တဲ့ အချက်များ – politics and parliament

imagebam.com
(photo: REUTERS/Soe Zeya Tun)“—ကောင်းတဲ့ အချက်က “လွတ်လပ်ရေးရတဲ့ အချိန်တုန်းက မူရင်းရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ နဲ့ လွတ်လပ်ရေးကြေညာစာတမ်းမှာ ထည့်သွင်းထားခဲ့တဲ့ လွတ်လပ်တဲ့ အင်ဒိုနီးရှားရဲ့ ရည်မှန်းချက်၊ ခံယူတဲ့ အတွေးအခေါ်တွေကို သမ္မတဖြစ်သူက အလေးထား သစ္စာရှိရမယ်” ဆိုတဲ့ အချက်ဖြစ်တယ်။ ဒါမျိုး ဗမာပြည်မှာ ထည့်သွင်းနိုင်ရင် တိုင်းရင်းသားအများစု လက်ခံတဲ့ လွတ်လပ်ရေးခေတ် ပင်လုံ သဘောတူညီချက်မျိုးကို အခြေခံပြီး အလေးထား စဉ်းစားလာမှာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ပြဿနာဖြစ်တဲ့ တိုင်းရင်းသားအရေး ပြေလည်နိုင်စရာ ရှိလာမှာ ဖြစ်ပါတယ်—”
လက်ရှိ ဗမာပြည် လွှတ်တော် နိုင်ငံရေးမှာ အဓိက ဒီမိုကရေစီ ဦးဆောင်ပါတီကြီးက ဝင်ရောက် လှုပ်ရှားပြီ ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပ ထောက်ခံမှု အပြည့်ရှိတဲ့ အရည်အချင်းရှိ ခေါင်းဆောင်က ဦးဆောင်ပြီးတော့ လွှတ်တော် နိုင်ငံရေးလမ်းစဉ်မှတဆင့် ဗမာပြည် ဒီမိုကရေစီ အပြည့်အဝရရှိရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအားလုံး ခွင့်တူညီမျှ အကျိုးခံစားခွင့်ရှိရေး စတဲ့ မြောက်များစွားသော လုပ်ငန်းတွေကို ဆောက်ရွက်ရတော့မှာ ဖြစ်ပါတယ်။ ဒါတွေ လက်တွေ့ ဖြစ်နိုင်ဖို့က အရင် စစ်တပ်အစိုးရ လက်ထက်မှာ လိုသလို အချက်တွေ ထည့်သွင်းပြီး စိတ်ကြိုက် ရေးဆွဲထားတဲ့၊ တိုင်းပြည်ရဲ့ မူရင်း အခြေခံ အုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပေဒေမှ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အချက်များစွာကို ပြင်နိုင်မှ ရမယ် ဆိုတာ ဧကံ မုချ ဆိုပြီး နားလည် လက်ခံထားရမှာ ဖြစ်ပါတယ်။ ဒီလို အခြေခံဥပဒေပြင်ရေး အပါအဝင် တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရေးကြီးအချက်တွေကို လွှတ်တော်မှာ အောင်မြင်အောင် ဖော်ဆောင်ဖို့က အချိန် အများကြီးယူရဦးမှာ ဖြစ်တဲ့ အပြင် လက်တွေ့ ဖြစ်နိုင်ဖို့က အခက်အခဲ အတားအဆီး အမျိုးမျိုးကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။
“—တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရေးကြီးအချက်တွေကို လွှတ်တော်မှာ အောင်မြင်အောင် ဖော်ဆောင်ဖို့က အချိန် အများကြီးယူရဦးမှာ ဖြစ်တဲ့ အပြင်—”
ဒါကြောင့် ပထမဦးဆုံးအနေနဲ့က လွှတ်တော် နိုင်ငံရေးမှာ ပါတီအားလုံး အငြင်းပွားဖွယ် ဖြစ်စရာ နည်းတဲ့၊ လက်ရှိ အခြေခံဥပေဒေမှာ ပြဋ္ဌာန်းထားတဲ့ အချက်တွေကထဲကနေပြီး ပြည်သူအများစု အကျိုးရှိအောင် ဥပဒေတွေ ပြဋ္ဌာန်းတာ၊ အစိုးရရဲ့ လုပ်ငန်းတွေကို မေးခွန်းတွေ ထုတ်တာ စတာတွေနဲ့ စရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာသာမက ဒေသဆိုင်ရာ ပြည်နယ်၊ တိုင်း လွှတ်တော်တွေမှလည်း လက်ရှိ အခြေခံဥပေဒေမှ ပေးပြီး ဖြစ်တဲ့ အခွင့်အရေးတွေကို အပြည့်အဝ အသုံးချပြီး ပြည်သူများ လူနေမှု အဆင့်အတန်းမြင့်ဖို့၊ ရေ၊ မီး အပြည့်အစုံရဖို့၊ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့၊ ကျန်းမားရေး စောင့်ရှောက်မှု ပိုမို ရရှိဖို့၊ ပညာရေး အဆင့်အတန်းမြှင့်ဖို့ စတဲ့ လူမှုဘဝ သာယာဝပြောရေးကို အရေးပေးပြီး ပြည်သူအများစု ဒီမိုကရေစီရဲ့ အသီးအပွင့်တွေ (နည်းကောင်း နည်းနိုင်ပေမယ့်) ခံစားနိုင်အောင် စတင်ကြိုးစားရမှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ စစ်တပ်ထောက်ခံမှုရှိတဲ့ လက်ရှိအာဏာရပါတီမှ ကိုယ်စားလှယ်များ၊ စစ်တပ်က တိုက်ရိုက်ခန့် ကိုယ်စားလှယ်များကို တိုင်းပြည်ရေရှည် အကျိုးကျေးဇူး ရှိစေချင်ရင် ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး ဒီမိုကရေစီ နည်းလမ်းကျကျ ဆောင်ရွက်မှ ဖြစ်မယ် ဆိုတာကို သိစေပြီး နားချ၊ စည်းရုံးသိမ်းသွင်းနိုင်မှာ ဖြစ်ပါတယ်။
ဒီလို ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ စတင် အကောင်အထည် ဖော်လာနိုင်ရင် ဒီမိုကရေစီအင်အားစုအပေါ် ပြည်သူအများစု ထောက်ခံမှုကလည်း ဆက်လက် တည့်တံ့နိုင်မယ့်အပြင် နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ပိုမို အနိုင်ရပြီး လွှတ်တော်မှာ နေရာအများစုယူလာနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် အပိုအကျိုးကျေးဇူးအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေနဲ့ နေရာအများစု အနိုင်ရရှိခဲ့တဲ့ လက်ရှိ အာဏာရပါတီကိုလည်း “လမ်းတစ်ခြမ်းခင်း” နည်းတွေ၊ “မဲပေးမှ ရေပေး၊ မီးပေးမယ်” ဆိုတဲ့ နည်းတွေ အလုပ် မဖြစ်မှန်း၊ ပြည်သူ့အကျိုးကို တကယ် စိတ်စေတနာသန့်သန့်နဲ့ ထမ်းနိုင်မှ ဒီမိုကရေစီစနစ် နိုင်ငံရေးမှာ ရှင်သန်နိုင်မယ်မှန်း သင်ခန်းစာပေးပြီး ဖြစ်နိုင်ပါတယ်။ ခု ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာကို အာဏာရပါတီအနေနဲ့ သင်ခန်းစာ ယူတတ်ရင် သင်ခန်းစာတွေ အများကြီး ရသင့်နေပါပြီ။ တကယ် သင်ခန်းစာရလို့ အာဏာရပါတီက ပြည်သူအကျိုးပြုလုပ်ငန်းတွေ တကယ် အကောင်အထည်ဖော်ရင်လည်း တိုင်းပြည်အကျိုးရှိမှာဖြစ်ပါတယ်။
ဒီလိုဖော်ဆောင်နိုင်ပြီးတဲ့ အချိန်ကာလတစ်ခုမှာ ဒီမိုကရေစီ အင်အားစုတွေ လွှတ်တော်မှာ အင်အားရှိလာမယ်၊ စစ်တပ်ထောက်ခံမှု ရထားတဲ့ ပါတီကလည်း ဒီမိုကရေစီ နိုင်ငံရေးသဘော၊ အကျိုးကျေးဇူးကို သိလာမယ်၊ ဒီအချိန်ရောက်ရင်တော့ အခြေမခိုင်တဲ့ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့လမ်းစ ရောက်ရှိလာမှာ ဖြစ်ပါတယ်။
“—စစ်တပ်က နိုင်ငံရေးနဲ့ ခပ်ကင်းကင်းပဲနေမှ တိုင်းပြည် တိုးတက်ချမ်းသာမယ် ဆိုတာ ထိုင်းစစ်တပ်က နားလည်ထားပြီးသား ဖြစ်ပါတယ်—”
ကောင်းပြီ.. အခြေခံဥပဒေကို ပြင်မယ်ဆိုရင် ဘာတွေ ပြင်ရမလဲ ဆိုတာ ခု လွှတ်တော်နိုင်ငံရေး ထောက်ခံသူတွေ၊ မထောက်ခံသူတွေ၊ သာမန် ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေ စတဲ့ အင်အားစု၊ အဖွဲ့အစည်းအသီးသီက ဝိုင်းဝန်းဆွေးနွေး အဖြေရှာရမယ့် ကိစ္စဖြစ်ပါတယ်။
ဒါကြောင့် စာရေးသူရဲ့ တစ်ဦးတည်း အမြင်နဲ့ ဘာတွေတော့ ပြင်နိုင်ရင်ကောင်းမယ် ဆိုတာကို အောက်မှာ တင်ပြဆွေးနွေးပါမယ်။
အခန်း(၁) နိုင်ငံတော်အခြေခံမူများ (Chapter I: Basic Principles of the Union)
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံတော်က သွားမယ့်လမ်းစဉ်မူဝါဒမှာ အခြေခံမူတစ်ချက်က ပုဒ်မ (၆) (ဃ) ပါ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး” ဆိုတာဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ မူရင်း သဘော၊ အနှစ်သာရ၊ အဓိပ္ပာယ်ဟာ ပြည့်စုံကုံလုံပြီးဖြစ်တဲ့အတွက် ဒီဝေါဟာရရဲ့ ရှေ့မှာ ကောက်ချက်အမျိုးမျိုးဆွဲနိုင်တဲ့၊ အဓိပ္ပာယ် အကောက်လွဲနိုင်တဲ့ မည်သည့် နာမဝိသေသနမှ ရှိစရာမလိုဟု ယူဆမိပါတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့၊ ပြည်သူ့အတွက်၊ ပြည်သူ့အစိုးရတစ်ရပ် ဖြစ်ရမယ် ဆိုတဲ့ သဘော၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း စတဲ့ လောကပါလတရားတွေ ထွန်းကားရမယ်ဆိုတဲ့ သဘော၊ လူအများစု ဆန္ဒနဲ့ ရွေးချယ် တင်မြှောက်တဲ့ စနစ်ဖြစ်ပြီး လူနည်းစု ဆန္ဒ၊ အခွင့်အရေးကိုလည်း အသိမှတ်ပြု အလေးထားတယ် ဆိုတဲ့သဘော စတဲ့ ဒီမိုကရေစီရဲ့ ကောင်းမွန်မြင့်မြတ်တဲ့ အနှစ်သာရတွေဟာ ဘာအထူးပြုချက်၊ တနည်းအားဖြင့် ဘာကန့်သတ်ချက် စကားလုံးမှ မလိုအပ်ဘဲ ဒီမိုကရေစီ ဆိုပြီး တစ်လုံးတည်း ထည်းထည်းချည်း ရပ်တည်နိုင်ပါတယ်၊ ရပ်တည်နိုင်ရပါမယ်။ နိုင်ငံတကာက ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်း အောင်မြင်နေတဲ့ တိုင်းပြည်တွေ၊ ဖွံ့ဖြိုး တိုးတက်ပြီး တိုင်းပြည်တွေမှာလည်း ဒီလို ကန့်သတ်စကားလုံးမျိုး မတွေ့ရပါ။
ဗမာပြည်နဲ့ သမိုင်းအရ သဘောသဘာဝချင်း နီစပ်တဲ့ အင်ဒိုနီးရှားမှာတော့ ဦးဆောင်လမ်းညွှန်မှု သဘောပါတဲ့ အသုံးအနှုံး “Democracy Guided By” ဆိုပြီး သူတို့ရဲ့ အခြေခံမူမှာ ထည့်ထားပါတယ်။ ဒါလည်း “နိုင်ငံရဲ့ ပြည်သူအားလုံးကိုယ်စားပြုတဲ့ အဖွဲ့အစည်းအသီးသီး၊ အလွှာအသီးသီးမှ စဉ်းစားဆင်ခြင်၊ ဆွေးနွေးဆုံးဖြတ်မှုတွေရဲ့ ရလဒ်၊ ညီညွတ်တဲ့၊ တန်းဖိုးရှိတဲ့ တွေးခေါ်မှု အတွင်း ပညာဉာဏ်မျိုးပါတဲ့ လမ်းညွှန်ဦးဆောင်မှု” ဆိုပြီး သေချာ ရှင်းထားတဲ့အတွက် ယခု ဗမာပြည်က စစ်အုပ်စုလိုလားသူတွေ အဓမ္မ တင်သွင်းခဲ့တဲ့ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်” ဆိုတာလောက် အငြင်းပွားစရာ၊ ဝေဝါးစရာ မရှိပါ။
ဒါကြောင့် အခြေခံမူမှာ ဖွင့်ဆိုရှင်းလင်းချက် အတိအကျမပါဘဲ လိုသလို ယူသုံးနိုင်ဖို့ ဒီမိုကရေစီရဲ့ ရှေ့ကနေ ပိတ်ထည့်ထားတဲ့ အထူးပြု စကားလုံးကို ဦးစွာပထမ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။
အခန်း(၁) နိုင်ငံတော်အခြေခံမူများမှာ ဒုတိယအချက်အနေနဲ့ မပြင်မဖြစ် ပြင်ဖို့လိုတာက ပုဒ်မ (၆) (စ) လုံးပါ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်” ဆိုတဲ့ အချက် ဖြစ်တယ်။
“—အခြားတိုင်းပြည် တစ်ခုခုမှာ ရှိခဲ့ရင်လည်း ဒီလို စစ်တပ်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးမှာ ဝင်ရောက်တာဝန်ယူတာမျိုးကို ဗမာပြည်အနေနဲ့ လက်ခံစရာအကြောင်းမရှိပါ—”
ဒီလို တပ်မတော်က အမျိုးသားနိုင်ငံရေး၊ တနည်းအားဖြင့် တိုင်းပြည်ရဲ့ နိုင်ငံရေး လမ်းစဉ်၊ မူဝါဒကို အမြဲ ဦးဆောင်၊ ဦးရွက်ပြုမယ်ဆိုတာမျိုးဟာ ဘယ်ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံမျိုး၊ ဘယ်ဒီမိုကရေစီစနစ်မျိုးမှာမှ မရှိတဲ့ အချက်ဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံလို စစ်တပ်က အာဏာ ခဏခဏ သိမ်းလေ့ရှိတဲ့ တိုင်းပြည်မျိုးမှာတောင် ခုနောက်ဆုံးရေးဆွဲတဲ့ ၂၀၀၇ အခြေခံဥပဒေမှာ ဒီလို ဗြောင်ကျကျ နောင်ကိုလည်း စစ်တပ်ကပဲ ဦးဆောင်မယ်ဆိုပြီး ထည့်သွင်းရေးဆွဲထားတာမျိုး မရှိပါ။ စစ်တပ်က နိုင်ငံရေးနဲ့ ခပ်ကင်းကင်းပဲနေမှ တိုင်းပြည် တိုးတက်ချမ်းသာမယ် ဆိုတာ ထိုင်းစစ်တပ်က နားလည်ထားပြီးသား ဖြစ်ပါတယ်။ အင်ဒိုနီးရှားကို ကြည့်ပြန်ရင်လည်း တရားမျှတပြီး ယဉ်ကျေးတဲ့၊ လူ့အခွင့်အရေးကိုလည်း အပြည့်အဝ လေးစားလိုက်နာတဲ့၊ နိုင်ငံသားအားလုံး လူမှုဘဝ သာယာဝပြောလာအောင် တန်းတူအခွင့်အရေး ပေးတဲ့ မူဝါဒ၊ လမ်းစဉ်တွေ ချမှတ် အကောင်ထည်ဖော်ရမယ်ဆိုပြီးပဲ အခြေခံမူထဲမှာ ထည့်သွင်း ရေးဆွဲထားပါတယ်။
တပ်မတော်ရဲ့ အဓိကနဲ့ တစ်ခုတည်းသော တာဝန်ဟာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ဖို့သာဖြစ်ပြီး မဆိုင်တဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးကို ဝင်ရောက် စွက်ဖက်စရာ အကြောင်းမရှိပါ။ ဒါဟာ အခြား ဒီမိုကရေစီ တိုင်းပြည်တွေနဲ့ စနစ်တွေမှာ မရှိလို့ဆိုတာရယ်ကြောင့်သာ မဟုတ်ပါ။ အခြားတိုင်းပြည် တစ်ခုခုမှာ ရှိခဲ့ရင်လည်း ဒီလို စစ်တပ်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးမှာ ဝင်ရောက်တာဝန်ယူတာမျိုးကို ဗမာပြည်အနေနဲ့ လက်ခံစရာအကြောင်းမရှိပါ။ ဘာကြောင့်လဲဆိုတော့ ဆယ်စုနှစ်ပေါင်းများစွာ တပ်မတော်က နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ ကိစ္စအဝဝကို ဝင်ရောက် ကိုင်တွယ် စီရင် ဆုံးဖြတ်တဲ့အတွက် တိုင်းပြည် ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်ခဲ့ရတဲ့ ခါးသီးတဲ့ ကိုယ်တွေ့သမိုင်းသင်ခန်းစာကြောင့် ဖြစ်ပါတယ်။
ဒီအခန်း(၁) အခြေခံမူများ အောက်မှာပဲ ပုဒ်မ (၂၀) မှာ ပါတဲ့ တပ်မတော်ရဲ့ ကိုယ်ပိုင် အင်အားတောင့်တင်းဖို့၊ တိုင်းပြည် လုံခြုံဖို့ စတာတွေအတွက် ပြဋ္ဌာန်းထားတဲ့ စစ်တပ် အခန်းကဏ္ဍတွေကို လက်ခံ နားလည်ပေးနိုင်ပေမယ့် အထက်မှာ တင်ပြတဲ့ ပုဒ်မ (၆) (စ) ပါ စစ်တပ်က တိုင်းပြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍကိုပါ ဦးဆောင်မယ် ဆိုတဲ့ အချက်ကတော့ နိုင်ငံမှာ ဒီမိုကရေစီ စနစ်တကယ် ရှင်သန်စေချင်ရင်၊ တိုင်းပြည် တကယ် ငြိမ်းချမ်း သာယာ ဝပြောစေချင်ရင် မဖြစ်မနေ ပြင်ဆင်ရမယ့် အချက်ဖြစ်တယ် ဆိုတာကို နှစ်ငါးဆယ်ကျော် စနစ်ဆိုးရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ ပြည်သူအားလုံး နားလည်သဘောပေါက် လက်ခံနိုင်မယ်လို့ ယူဆပါတယ်။
အခန်း(၂) နိုင်ငံတော်ဖွဲ့ စည်းတည်ဆောင်ပုံ (State Structure)
ဒီအခန်းမှာလည်း အချက်တော်တော်များဟာ တိုင်းပြည်ရဲ့ ဌာနေ တိုင်းရင်းသား၊ လူနည်းစု လူမျိုးစု အားလုံးကို တကယ်ကိုယ်စားပြုတဲ့ စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက သေချာဆွေးနွေးတိုင်ပင်၊ နှီးနှောပြီး ပြန်လည် သုံးသပ်ဖို့လိုပါတယ်။ အထူးသဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ သတ်မှတ်ပုံ၊ နယ်မြေခွဲဝေပုံ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စတဲ့ အုပ်စုအသီးသီးမှာ အာဏာခွဲဝေပုံ စတာတွေဟာ အဖွဲ့အစည်းတစ်ခု (စစ်တပ်) ရဲ့ သဘောဆန္ဒနဲ့သာ အများစု ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ယခုလက်ရှိ နိုင်ငံတော်ဖွဲ့စည်း တည်ဆောက်ပုံမျိုးနဲ့က စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေး၊ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ တန်းတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက်က ရေမှာအရုပ်ရေးဖို့ ကြိုးစားနေသလို လုပ်သလောက်၊ အရာမထင် အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။
အခန်း (၃) နိုင်ငံတော် အကြီးအကဲ (Chapter III: Head of State)
ဒီအခန်းမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံတော် အကြီးအကဲ၊ သမ္မတတစ်ယောက်မှာ ရှိရမယ့် လိုအပ်ချက် အချက်အလက် နဲ့ အရည်အချင်းတွေမှာ မလိုလားအပ်တဲ့၊ တိုင်းပြည်အတွက် တကယ်အသုံးမဝင်တဲ့ ကန့်သတ်ချက်တွေအများကြီးပါနေတာ တွေ့ရပါတယ်။
ပထမဦးဆုံးအနေနဲ့ ပုဒ်မ (၅၉) (ဃ) မှာ သမ္မတအတွက် သတ်မှတ်ထားတဲ့ ” နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမယ်” ဆိုတဲ့ အချက်ကို စတင် ဆွေးနွေးပါမယ်။
ဒီအချက်မှာ စစ်ရေးအမြင်ဆိုတဲ့ အချက်က ထောက်ပြစရာ၊ အငြင်းပွားစရာ အများကြီးရှိတယ်။ ကတ်ကတ်သတ်သတ် စကားလုံးတစ်လုံးကို အခြေပြုပြီး ပြောလာရင် “စစ်တိုက်ဖူးရမယ်၊ စစ်တပ် ရာထူး၊ တာဝန် ထမ်းဆောင်ဖူးရမယ်” ဆိုတာအထိ အဓိပ္ပာယ် သက်ရောက်လာစေပြီး အခြေအတင် ဖြစ်လာနိုင်ပါတယ်။
စစ်ရေးအမြင်သာမက နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စတဲ့ အမြင်တွေ ရှိမရှိဆိုတာက အခြေခံဥပဒေနဲ့ ကန့်သတ်ထားရမယ့် ကိစ္စမဟုတ်၊ ပြည်သူလူထုက (သို့) သူတို့ ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို သမ္မတနေရာနဲ့ ထိုက်တန်သူ ဟုတ်၊ မဟုတ် ဆုံဖြတ်ရမှာ ဖြစ်ပါတယ်။ ဒီလို ဆုံးဖြတ်တဲ့အချိန်မှာ ဒီပုဂ္ဂိုလ်ရဲ့ ပညာအရည်အချင်း၊ နောက်ကြောင်း သမိုင်း၊ အတွေးအခေါ်၊ အမျှော်အမြင် ကိုကြည့်ပြီး သမ္မတ တာဝန် ကျေအောင် ထမ်းနိုင်၊ မထမ်းနိုင်၊ တိုင်းပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်သူ ဟုတ်၊ မဟုတ် ဆုံးဖြတ်ရမှာသာ ဖြစ်ပါတယ်။
ဗမာ စစ်ဗိုလ်ချုပ်ကြီးများ နှင့် သူတို့ရဲ့ အခါတော်ပေး ပညာရှိကြီးများ စနစ်တကျ လေ့လာအတုယူပြီး ဒီမိုကရေစီအသွင်ပြောင်းရေး ပုံတူ ကူးယူခဲ့တဲ့၊ ဗမာပြည်နည်းတူ အရင်တုန်းက စစ်အာဏာရှင်စနစ်ကြီးစိုးခဲ့တဲ့ အင်ဒိုနီးရှား ဖွဲ့စည်းအုပ်ချုပ်ပုံမှာတောင် “သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်” ဆိုတဲ့ သဘောမျိုး လုံးဝ မပါပါ။ “သမ္မတရုံးတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ အမျှော်အမြင်၊ ရည်မှန်းချက်၊ အစီအစဉ်တွေ ရှိရမယ်” ဆိုတဲ့ အချက် သာပါ ပါတယ်။ ပညာအရည်အချင်း သတ်မှတ်ချက်မှာလည်း အတန်းပညာ အနည်း၊ အများနဲ့ လူ့ရဲ့ အရည်အချင်းက တိုက်ရိုက် အချိုးမကျတဲ့အတွက် အခြေခံပညာ အထက်တန်းအောင်ရမယ် လို့သာ သတ်မှတ်ထားတယ်။
“—ပုံတူ ကူးယူခဲ့တဲ့၊ ဗမာပြည်နည်းတူ အရင်တုန်းက စစ်အာဏာရှင်စနစ်ကြီးစိုးခဲ့တဲ့ အင်ဒိုနီးရှား ဖွဲ့စည်းအုပ်ချုပ်ပုံမှာတောင် “သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်” ဆိုတဲ့ သဘောမျိုး လုံးဝ မပါပါ—”
အင်ဒိုနီးရှား ဖွဲ့စည်းပုံမှာ အာဏာရှင် တဖြစ်လဲ တိုင်းပြည်တွေအတွက် ပိုအရေးကြီးတဲ့ “သမ္မတအရွေးခံမယ့်သူဟာ သူ့ရဲ့ စည်းစိမ်၊ ဥစ္စာ၊ ပိုင်ဆိုင်မှုတွေကို လူသိရှင်ကြား ကြေညာပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်အရှေ့မှာ အစစ်ခံရမယ်”၊ “ဝင်ငွေခွန်ကို အနည်းဆုံး ကပ်လျက် (၅) နှစ် ဆောင်ထားပြီးသူ ဖြစ်ရမယ်” စတဲ့ ကျင့်ဝတ်၊ သီလ ပိုင်းဆိုင်ရာ အချက်တွေကို သေသေချာချာ သတ်မှတ်ထားတယ်။ နောက်တစ်ခု သူ့မှာ ကောင်းတဲ့ အချက်က “လွတ်လပ်ရေးရတဲ့ အချိန်တုန်းက မူရင်းရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ နဲ့ လွတ်လပ်ရေးကြေညာစာတမ်းမှာ ထည့်သွင်းထားခဲ့တဲ့ လွတ်လပ်တဲ့ အင်ဒိုနီးရှားရဲ့ ရည်မှန်းချက်၊ ခံယူတဲ့ အတွေးအခေါ်တွေကို သမ္မတဖြစ်သူက အလေးထား သစ္စာရှိရမယ်” ဆိုတဲ့ အချက်ဖြစ်တယ်။ ဒါမျိုး ဗမာ့ပြည်မှာ ထည့်သွင်းနိုင်ရင် တိုင်းရင်းသားအများစု လက်ခံတဲ့ လွတ်လပ်ရေးခေတ် ပင်လုံ သဘောတူညီချက်မျိုးကို အခြေခံပြီး အလေးထား စဉ်းစားလာမှာ ဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ အရေးအကြီးဆုံး ပြဿနာဖြစ်တဲ့ တိုင်းရင်းသားအရေး ပြေလည်နိုင်စရာ ရှိလာမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား အခြေခံဥပဒေမှာ သမ္မတအတွက် သတ်မှတ်ထားတဲ့ အခြားအချက်တွေကတော့ “နိုင်ငံသားဖြစ်ရမယ်၊ နိုင်ငံကို သစ္စာမဖောက်သူ ဖြစ်ရမယ်” စတာတွေလို ပါရိုး၊ ပါစဉ် အချက်တွေသာ ဖြစ်ပါတယ်။
အမေရိကန်လို ကမ္ဘာပတ်၊ လှည့်ပြီး စစ်ဖြစ်နေတဲ့ တိုင်းပြည်ရဲ့ သမ္မတ အရည်အချင်း သတ်မှတ်ချက်မှာလည်း “သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်” ဆိုတဲ့ သဘောမျိုး မတွေ့ရပါ။ အမေရိကန် သမ္မတတွေထဲမှာ စစ်တပ်ရာထူးထမ်းဆောင်ဖူးတဲ့ သူတွေရှိတယ်။ ဒါပေမယ့် စစ်တပ် တာဝန်ထမ်းဆောင်ချိန်နဲ့ သမ္မတဝင် အရွေးခံတဲ့ အချိန်ဟာ သပ်သပ်စီဖြစ်တယ်။ အများအားဖြင့်လည်း တိုင်းပြည်မှာ စစ်ပွဲကြီးတွေ ဖြစ်နေတဲ့ အချိန်မှာ ဝင်ရောက်ပြီး တိုင်းပြည်ရဲ့ စစ်ရေးတာဝန် ထမ်းဆောင်ကြတာသာ ဖြစ်တယ်။ သူတို့ကို သမ္မတအဖြစ် ပြည်သူက ရွေးကောက်တင်မြှောက်ကြတာကလည်း စစ်တပ်ကလာလို့ (စစ်ရေးအမြင်ရှိလို့) ဆိုတာကြောင့် မဟုတ်ဘဲ သူတို့ရဲ့ အထွေထွေ အရည်အချင်း၊ သူတို့ရဲ့ ရိုးသားမှု၊ သူတို့တင်ပြတဲ့ မူဝါဒ တို့ကို သဘောကျ ကျေနပ်နှစ်သက်လို့သာ ဖြစ်တယ်။ ဒုတိယကမ္ဘာစစ်မှာ နာမည်ကြီးခဲ့တဲ့ စစ်သူကြီး အိုင်စင်ဟောင်းဝါး တစ်ယောက်သာ ကမ္ဘာစစ်ကြီးကို နိုင်အောင်တိုက်ခဲ့တဲ့ ခေါင်းဆောင်ထဲက တစ်ယောက်အနေနဲ့ လူကြိုက်များပြီး မဲပေးကြလို့ ၁၉၅၀ ပြည့်လွန်နှစ်များမှာ သမ္မတ ဖြစ်ခဲ့ဖူးတယ်။ သို့သော် သူလည်း သမ္မတ တာဝန်တွေ ထင်သလောက် အောင်မြင်အောင် မထမ်းနိုင်လို့ သမ္မတသက်တမ်း တစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရခဲ့တယ်။
အမေရိကန် သမ္မတတာဝန်ကို စံချိန်တင် (၃) ကြိမ်ထမ်းဆောင်ဖူးတဲ့ ဖရန်ကလင်း ရူစဗဲ့ (FDR) ဆိုရင် စစ်တိုက်ဖူးဖို့နေနေသာ လမ်းတောင်မှ မလျှောက်နိုင်တဲ့ ဒုက္ခိတ တစ်ဦး ဖြစ်တယ်။ ရူစဗဲ့ နောက်ပိုင်းမှာ အခြေခံဥပဒေကို သမ္မတတိုင်း သမ္မတသက်တမ်း နှစ်ကြိမ်ထက်ပိုပြီး ထမ်းဆောင်ခွင့်မရှိဆိုပြီး ပြင်ဆင်ဖြည့်စွက်ခဲ့တယ်။ ရူစဗဲ့ မတိုင်ခင်ကလည်း စာနဲ့ သေချာ ပြဋ္ဌာန်းထားခြင်းမရှိပေမယ့် ပထမဆုံးသမ္မတ နဲ့ လွတ်လပ်ရေးဖခင်ကြီး ဂျော့ဝါရှင်တန်က တတိယအကြိမ်မြောက် သမ္မတဝင် အရွေးခံဖို့ ငြင်းခဲ့ဖူးတဲ့ အစဉ်အလာကြောင့် ဘယ်သမ္မတမှ သက်တမ်း နှစ်ကြိမ်ထက် ပိုပြီး တာဝန် မထမ်းဆောင်ဖူးခဲ့ဘူး။ ကိုယ်ခန္ဓာမသန်စွမ်းပေမယ့် ဉာဏ်ရည်၊ ဥာဏ်သွေးပြည့်စုံ၊ အရည်အချင်းရှိတဲ့ ရူစဗဲ့ လက်ထက်ကျမှသာ ပြည်သူလူထုတောင်းဆိုမှုကြောင့် တတိယအကြိမ် သမ္မတ ဝင်အရွေးခံပြီး ရွေးကောက်ပွဲနိုင်ခဲ့တယ်။ ဒုက္ခိတ သမ္မတဟာ အမေရိကန် သမိုင်းမှာ အကြီးမားဆုံး အန္တရာယ် ဖြစ်တဲ့ ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ် နဲ့ ဒုတိယကမ္ဘာစစ်ကို နိုင်အောင်တိုက်နိုင်ခဲ့တယ်။ စစ်မတိုက်ဖူးပေမယ့် အရည်အချင်းရှိရင် စစ်ရေးအမြင်ရှိနိုင်တယ် ဆိုတာကို အင်အားကြီးမားတဲ့ နာဇီ ဂျာမဏီ နဲ့ ဖက်ဆစ် ဂျပန်ကို နိုင်အောင်တိုက်ဖို့ဦးဆောင်ခဲ့တဲ့ ရူစဗဲ့ က သက်သေပြုပါတယ်။
ဒါကြောင့် ဗမာပြည်က ဖွဲ့စည်းပုံအခြေခံဥပေဒေပါ “သမ္မတတစ်ယောက်မှာ စစ်ရေးအမြင် ရှိရမယ်” ဆိုတဲ့ အချက် ပါသင့်၊ မပါသင့်၊ ဆက်လက် ရှိသင့်၊ မရှိသင့် အခြေခံကျကျ စဉ်းစားနိုင်ကြမယ်လို့ ထင်ပါတယ်။
ဒုတိယအနေနဲ့ ပုဒ်မ (၅၉) (င) မှာ သမ္မတအတွက် သတ်မှတ်ထားတဲ့ “သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နဲ့ တစ်ဆက်တည်း အနည်းဆုံး အနှစ် (၂၀) နိုင်ငံတော်အတွင်း အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်။ ခြွင်းချက် – နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရမည်” ဆိုတဲ့ အချက်ကို ဆက်လက် ဆွေးနွေးပါမယ်။
ဒီလိုကန့်သတ်ချက်မျိုး နိုင်ငံတချို့မှာ နှစ်အရေအတွက် ကွားခြားပေမယ့် ရှိပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်မှာဆိုရင် (၁၀) နှစ် အနည်းဆုံးနေရမယ် ဆိုပြီး သတ်မှတ်ထားတယ်။ အမေရိကားမှာလည်း (၁၄) နှစ်ဆိုပြီး ရှိတယ်။ ဒီလို သတ်မှတ်တာကို အကြီးအကျယ် အငြင်းပွားစရာ အကြောင်းမရှိပေမယ့် အစိုးရပညာတော်သင် မဟုတ်ဘဲ၊ အစိုးရတာဝန်နဲ့ မဟုတ်ဘဲ နိုင်ငံတကာမှာ ပညာသင်၊ အလုပ်လုပ်နေတဲ့ အတွေ့အကြုံရှိ၊ ပညာတတ် လူလတ်ပိုင်း အရွယ်တွေအတွက် ပိုပြီး အခွင့်အရေးရှိ၊ အဆင်ပြေနိုင်စေအောင် နှစ်ကန့်သတ်ချက်ကို (၁၀)နှစ်အထိ လျှော့ချသင့်တယ်လို့ ယူဆပါတယ်။ တရားဝင် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး တိုင်းပြည်ပြင်ပ ထွက်ခွာသူ အားလုံး ခြွင်းချက်မှာ အကျူံးဝင်၊ မဝင်လည်း သေချာ မရှင်းပါ။
တတိယအနေနဲ့ ပုဒ်မ (၅၉) (စ)မှာ သမ္မတအတွက် သတ်မှတ်ထားတဲ့ “မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမ်၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ” ဆိုတဲ့ အချက်ကို ဆက်လက် ဆွေးနွေးပါမယ်။
“—အမေရိကန်လို ကမ္ဘာပတ်၊ လှည့်ပြီး စစ်ဖြစ်နေတဲ့ တိုင်းပြည်ရဲ့ သမ္မတ အရည်အချင်း သတ်မှတ်ချက်မှာလည်း “သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်” ဆိုတဲ့ သဘောမျိုး မတွေ့ရပါ—”
ဒီအချက်ဟာ သမ္မတရဲ့ အရည်အချင်းနဲ့ မဆိုင်ဘဲ လိုအပ်ချက်တစ်ခုအဖြစ် သတ်မှတ်ထားတွေထဲမှာ အဓိက ပြင်ကို ပြင်ရမယ့် အချက်ဖြစ်ပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာက အခြေခံဥပဒေတွေမှာလည်း ဒီလို သတ်မှတ်ချက်မျိုး လုံးဝ မရှိပါ။ ဝင်ရောက် အရွေးခံမယ့် (သို့) နာမည်စာရင်း တင်သွင်းမယ့် သမ္မတလောင်း ပုဂ္ဂိုလ်တစ်ဦးတည်းသာ နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်တဲ့ နယ်နိမိတ်မှာ မွေးရမယ်၊ နိုင်ငံသားဖြစ်ရမယ် စတာမျိုး ယေဘုယျ သဘောပါလေ့ရှိတယ်။ အခုလို တစ်စုံတစ်ယောက်ကို ကန့်သတ်ချင်လို့ စနစ်တကျ ထည့်သွင်း ကန့်သတ်ထားတာမျိုးဟာ လုံးဝ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ အချက်ဖြစ်ပါတယ်။
အစဉ်အလာ ထုံးစံကို အလေးထား၊ ကိုယ်ပိုင် ယဉ်ကျေးမှုမြင့်မား၊ တန်ဖိုးထားတဲ့အပြင် ကိုးကွယ်ယုံကြည်မှု အယူဝါဒပေါင်းမြောက်များစွာ ထွန်းကား၊ ဘာသာတရားကိုင်းရှိုင်း၊ ရှေးရိုးစွဲတဲ့ အိန္ဒိယမှာတောင် ဒီလို ဇနီး၊ ခင်ပွန်း၊ သားသမီးအထိလိုက်ပြီး နိုင်ငံခြား တိုင်းပြည်တစ်ခုခုနဲ့ တစ်နည်းနည်း မပတ်သက်ရဘူး ဆိုတာမျိုး ကန့်သတ်ထားချက် မတွေ့ရပါ။
အိန္ဒိယ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဆိုရင် သမ္မတဖြစ်နိုင်ဖို့ အချက်တွေကို အဓိက (၃) ချက် သတ်မှတ်ထားတယ်။
အိန္ဒိယ နိုင်ငံသား ဖြစ်ရမယ်။ (လူမျိုး၊ ဘာသာ မကန့်သတ်)
အသက် (၃၅) နှစ် နှင့် အထက် ဖြစ်ရမယ်။
အောက်လွှတ်တော် (ပါလီမန်) အမတ် တစ်ယောက်မှာ ရှိရမယ့် အရည်အချင်းတွေနဲ့ ပြည့်စုံရမယ်။
အိန္ဒိယ အောက်လွှတ်တော် အမတ် ဖြစ်ဖို့ ပြည့်စုံဖို့က -
အိန္ဒိယ နိုင်ငံသား ဖြစ်ရမယ်။ (လူမျိုး၊ ဘာသာ မကန့်သတ်)
အသက် (၂၅) နှစ် နှင့် အထက် ဖြစ်ပြီး စိတ်ရောဂါ ဝေဒနာမရှိသူ ဖြစ်ရမယ်။
ပေးစရာ အကြွေးများ မပေးနိုင်သဖြင့် လူမွဲစာရင်း (Bankrupt) ကြေညာဖူးသူ၊ ရာဇဝတ်မှုကျူးလွန်ကြောင်း တရားရုံး အဆုံးအဖြတ်ခံဖူးသူ မဖြစ်စေရ၊ တရားရုံးတစ်ခုခုမှာ လက်ရှိ တရားရင်ဆိုင်နေသူဖြစ်ပါက ရင်ဆိုင်နေကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကို အသိပေးထားရမယ်။ တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက အမတ်နေရာမှ ဖယ်ပေးရမယ်။
လူမှုအလွှာအမျိုးမျိုး၊ မျိုးနွယ်စု အမျိုးမျိုးအတွက် ကြိုတင်သတ်မှတ်ထားတဲ့ နေရာ (Reserved Seats) အတွက် ဆိုရင် သက်ဆိုင်ရာ လူမှုအလွှာ၊ မျိုးနွယ်စု မှ ဖြစ်ရမယ် - လို့သာ အထက်မှာ ဖော်ပြသလို သမ္မတဖြစ်မယ့်သူ (သို့) လွှတ်တော် ကိုယ်စားလှယ် တစ်ဦးတည်းကိုသာ ဦးတည်ပြီး ကန့်သတ်ချက်တွေ ချမှတ်ထားပါတယ်။
အိန္ဒိယမှာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး အာဏာအရ ပိုအရေးပါတဲ့ ဝန်ကြီးချုပ်နေရာအတွက် သတ်မှတ်ချက်တွေမှာလည်း သမ္မတနဲ့ သဘော၊ သဘာဝတူတူသာ ဖြစ်ပြီး မလိုအပ်တဲ့ ဇနီး၊ ခင်ပွန်း၊ သားသမီးနဲ့ ပတ်သက်လို့ ကန့်သတ်ထားချက်တွေ မပါပါ။ သမ္မတ (သို့) ဝန်ကြီးချုပ် ဟာ တိုင်းပြည်နယ်နိမိတ်အတွင်းမှာ မွေးရမယ့် ဆိုတဲ့ အချက်တောင် မပါပါ။
ဒါကြောင့် အရင်ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီရဲ့ ဇနီး အီတလီလူမျိုး၊ အီတလီ နိုင်ငံမှာ မွေးတဲ့ ဆိုနီရာဂန္ဒီဟာ အိန္ဒိယရဲ့ အင်အားအကြီးမားဆုံးဖြစ်တဲ့ အပြင် အိန္ဒိယလွတ်လပ်ရေးသမိုင်းမှာ ရှေ့တန်းကဦးဆောင်ခဲ့တဲ့ အမျိုးသာကွန်ဂရက်ပါတီကို နှစ်ပေါင်းများစွာ ခေါင်းဆောင်နေပြီး ခုနောက်ဆုံး ၂၀၀၄ သူ့ပါတီ ရွေးကောက်ပွဲအနိုင်ရတော့လည်း သူသာ ဆန္ဒရှိရင် အခြေခံဥပဒေက ကန့်သတ်ထားခြင်းမရှိတဲ့အတွက် ဝန်ကြီးချုပ်ရာထူးကို တက်ယူနိုင်တယ်။ ဒါပေမယ့် အဲ့တုန်းက အတိုက်အခံတွေ၊ ရှေးရိုးစွဲတွေနဲ့ မလိုလားအပ်ဘဲ အငြင်းမပွားချင်လို့ သူ့ပါတီက မန်မိုဟမ်ဆင်း (လက်ရှိဝန်ကြီးချုပ်) ကို ဝန်ကြီးချုပ်ရာထူးပေးပြီး ကိုယ်တိုင်က တိုင်းပြည်မှာ တကယ်အရေးပါတဲ့ အာဏာရပါတီခေါင်းဆောင် နေရာ၊ လွှတ်တော် ဥက္ကဋ္ဌ နေရာတွေကိုသာယူပြီး နောက်ကွယ်က တိုင်းပြည်ကို စီမံအုပ်ချုပ်နေတယ်။
အင်ဒိုနီးရှားမှာလည်း သမ္မတရွေးခံမယ့် ပုဂ္ဂိုလ်တစ်ယောက်ကိုသာ နိုင်ငံမှာ မွေးရမယ်၊ နိုင်ငံသားဖြစ်ရမယ် ဆိုပြီး ကန့်သတ်ထားပြီး ဇနီး၊ ခင်ပွန်း၊ သားသမီးကို ကန့်သတ်ထားတာမျိုး မတွေ့ရပါ။ အမေရိကားမှာလည်း အလားတူပါပဲ။ အခြားနိုင်ငံတွေမှာလည်း ဒီလိုသဘောမျိုး လုံးဝမရှိပါ။
ဒါကြောင့် သမ္မတတစ်ယောက်ဖြစ်နိုင်ဖို့ လိုအပ်ချက်သတ်မှတ်ချက် “ပုဒ်မ (၅၉) (စ)” ဟာ လျော်ကန်၊ သင့်မြတ်မှု ရှိ၊ မရှိကို အားလုံး လက်ခံစဉ်းစား ဆင်ခြင်နိုင်ကြမယ်လို့ ယူဆပါတယ်။
“—မည်သည့် အခြေခံဥပဒေ ပုဒ်မတွေကိုမှ မပြင်ဆင်နိုင်သေးခင် လက်ရှိ ပြင်ဆင်ခွင့်အတွက် လိုအပ်ချက် သတ်မှတ်ထားတဲ့ ပုဒ်မကို အရင်ဦးဆောင်ပြင်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်—”
အထက်မှာ တင်ပြခဲ့တာတွေဟာ အခြေခံဥပဒေ အခန်း (၁၊ ၂၊ ၃) မှာပါတဲ့ ပြင်ဆင်သင့်တဲ့ ပုဒ်မ တချို့ဖြစ်ပါတယ်။ ဒီအခန်း (၃) ခန်းမှာပဲ အခြား ဆွေးနွေးသင့်တဲ့ ပုဒ်မတွေ ကျန်နေသေးလို အခြား အခန်းတွေမှာလည်း အသေးစိတ် ဆွေးနွေး ထောက်ပြစရာ အချက်တွေ အများကြီး ရှိပါသေးတယ်။ ဒါကို ဆက်လက် မသွားသေးခင် အခြေခံဥပဒေပြင်ချင်ရင် ပြင်နိုင်ဖို့ သတ်မှတ်ထားတဲ့ အခန်းမှ ပုဒ်မတွေကို ဆွေးနွေးပါမယ်။
အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း (Chapter XII: Amendment of the constitution)
အခြေခံဥပဒေပြင်ဆင်ဖို့အတွက် အခန်း (၁၂)၊ ပုဒ်မ (၄၃၅) မှာ “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပေဒမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ (၂၀) ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံ ဆွေးနွေးရမည်” ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒါဟာ ဆွေးနွေးခြင်းအတွက်သာ ဖြစ်ပြီး အတည်ပြုချက်ယူဖို့က ပုဒ်မ (၄၃၆) (က) မှာ အရေးကြီးတဲ့ အခန်းမှ ပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ (၇၅) ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်က ထောက်ခံမှသာ ပြင်ဆိုင်နိုင်လို့ သတ်မှတ်ပြီး အခြား အရေးမကြီးတဲ့ ပုဒ်မတွေအတွက် ပုဒ်မ (၄၃၆) (ခ) မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ (၇၅) ရာခိုင်နှုန်းကျော်ရဲ့ ဆန္ဒနဲ့ ပြင်ဆင်နိုင်တယ်လို့ ဆိုပါတယ်။
အင်ဒိုးနီးရှား၊ ထိုင်း နဲ့ အခြားနိုင်ငံတကာ မှာလည်း ဒီလောက်လိုအပ်ချက်များတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခွင့် ကန့်သတ်ချက်မျိုး မရှိပါ။ နိုင်ငံအလိုက် ပြင်ဆင်ခွင့် စနစ်ကွဲပြားကြသော်လည်း လိုအပ်တဲ့ ပြင်ဆင်ခွင့် ထောက်ခံသူ ရာနှုန်းဟာ ဗမာပြည်မှာလို လေးပုံသုံးပုံ အထိ မလိုအပ်ဘဲ အများဆုံး သုံးပုံနှစ်ပုံသာ လိုအပ်တာကို တွေ့ရပါတယ်။
ဒါကြောင့် မည်သည့် အခြေခံဥပဒေ ပုဒ်မတွေကိုမှ မပြင်ဆင်နိုင်သေးခင် လက်ရှိ ပြင်ဆင်ခွင့်အတွက် လိုအပ်ချက် သတ်မှတ်ထားတဲ့ ပုဒ်မကို အရင်ဦးဆောင်ပြင်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်တဲ့အကြောင်း အကြံပြုဆွေးနွေးတင်ပြရင်း စာရေးသူရဲ့ ပုဂ္ဂိလိက ခံယူချက်ဖြစ်တဲ့ လွှတ်တော်နိုင်ငံရေးလမ်းခရီးဟာ အမြင်နီးတယ်လို့ ထင်ရသလောက် လက်တွေ့ ခရီးဝေးနေဦးမှာဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့ ရေရှည်အကျိုး မျှော်ကိုးပြီး လွှတ်တော် ပြင်ပ နိုင်ငံရေးကိုပါ တပါတည်းတွဲလျက် အခုထက်ပိုမို အားသွန်ခွန်စိုက် လုပ်ကြဖို့ ဒီမိုကရေစီအင်အားစုဟု အမည်ခံထားသူအားလုံးကို တိုက်တွန်းရင်းနဲ့ ယခု ဆွေးနွေးတင်ပြချက်ကို နိဂုံးချုပ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ အချက်တွေကို နောင်မှာ အလျင်းသင့်သလို ဆက်လက် တင်ပြဆွေးနွေးပါမယ်။
ငြိမ်းချမ်းအေး
၀၇၊ မေ၊ ၂၀၁၂
ကိုးကား။ ။
၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ခုနှစ်။
၂) နိုင်ငံတကာ ဖွဲ့စည်းပုံအခြေခံဥပဒေတွေအကြောင်းရေးထားတဲ့ အွန်လိုင်းစွယ်စုံကျမ်းများ။
ဤဆောင်းပါး ဖော်ပြပြီး မိနစ်ပိုင်းအတွင်း စာရေးသူ ပေးပို့လာသော အမှားပြင်ဆင်ချက်။ ။ အိုင်စင်ဟောင်းဝါးက သမ္မတသက်တမ်းနှစ်ကြိမ် တာဝန်ယူဖူးပါတယ်..။ ဒီ အမှား ယိုယွင်းချက်က စာရေးသူ တင်ပြတဲ့ သမ္မတမှာ စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ အချက် အခြေခံဥပေဒေမှာ မထည့်သွင်းသင့်ဘူးဆိုတာကို ပြောင်းလဲမှု မရှိစေပါ။ ဘာကြောင့်လဲဆိုတော့ ဆောင်းပါးမှာ ရှင်းလင်းခဲ့သလို စစ်တာဝန်ထမ်းဆောင်ဖူးတဲ့သူတွေ နောက်ပိုင်း သမ္မတဝင်အရွေးခံတော့ အနိုင်ရတာဟာ သူတို့တင်ပြတဲ့ တိုင်းပြည်မှာ ဖော်ဆောင်မယ့် မူဝါဒ တွေကို သဘောကျနှစ်သက်လို့သာ ဖြစ်ပြီး စစ်တိုက်ဖူးလို့ဆိုတဲ့၊ စစ်ရေးအမြင်ရှိလို့ဆိုတဲ့ အချက်မဟုတ်ခြင်းကြောင့်ဖြစ်ပါတယ်။
credit:MoeMaKa

Monday, July 2, 2012

Pyi Thar Aung – မျှော်လင့်လျှက်ပါ ၅၀၀၀ တန်ရယ်

imagebam.com
မျှော်လင့်လျှက်ပါ ၅၀၀၀ တန်ရယ်
( သမ္မတကြီးနှင့် MEC မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းသို့ အိတ်ဖွင့်ပေးစာ )
ပြည်သာအောင်၊ မိုးမခပေးစာ၊ ဇူလိုင် ၁၊ ၂၀၁၂
မြန်မာပြည်သူတွေရဲ့ ဘဝကလဲ … ဘယ်ပါတီ၊ ဘယ်ဝန်ကြီးကမှ “ပြည်သူတွေကို သနားလှချည်ရဲ့” လို့ အလိုက် သိသိအဆင်ပြေပြေ အခွင့်အရေးတွေ ပေးခဲ့တယ်၊ ရခဲ့ဘူးတယ်ရယ်လို့ မရှိခဲ့ဘူးပါလား။
ကားကိစ္စကိုဘဲကြည့်
သူများနိုင်ငံမှာဒေါ်လာ ၅၀၀၀ လောက်နဲ့ လပေးအရစ်ကျ နဲ့ တောင်ဝယ်နိုင်တဲ့ကားတစ်စီးကိုဒီမှာတော့ သိန်း ၅၀၀ လောက် (ဒေါ်လာ ၄၀၀၀၀ လောက်) လက်ငင်းငွေပေးဝယ်မှ ရနိုင်တယ်။ ဒါတွေကိုမီဒီယာတွေက ထောက်ပြမှ၊ စီးပွားရေးပညာရှင်တွေကကိုယ့်နိုင်ငံကငွေတွေ သူများနိုင်ငံကို ပေး နေရသလိုပဲ ၊ မလိုအပ်ဘဲ Transaction Cost တွေ ပိုကုန်ကျနေတာလို့ ထောက်ပြ နေတာတောင် ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ့်စေတနာနဲ့ လုပ်ပေးမယ်မရှိဘူး၊ နောက်ဆုံး သမ္မတကြီးက မနေနိုင်လို့ ဝင်ပြောမှ အမိန့်နဲ့ ခိုင်းမှ မူတွေ အမျိုးမျိုးကို တစ်လတစ်မျိုး မရိုးနိုင်အောင် အကြိမ်ကြိမ် အခါခါ ပြောင်း၊ ကားပွဲစားတွေရော၊ ဝယ်ရောင်းတွေရော၊ ရိုးရိုးသားသား ကားဝယ်မိတဲ့ ပြည်သူတွေကိုပါ ရှိတဲ့ငွေလေးတွေ ပြောင်၊ အရင်းအနှီးတွေပြုတ်အောင် ပေါ်လစီအမှားတွေ အကြိမ်ကြိမ်ချခဲ့တာတွေဟာ ဝန်ကြီးကိုယ်တိုင်က အရည်အချင်းမရှိတာလား၊ စေတနာမရှိတာလား၊ ဥပဒေလုပ်ထုံးတွေ မသိလို့လား?
မဟုတ်ပါဘူး၊ ရိုးရိုးလေးပါ … နောက်ကွယ်ကအကြောင်းရင်းတွေကြောင့်ပါပဲ။
နောက်ကွယ်ကစီးပွားရေးသမားတွေ၊ ငွေရှင်တွေ၊ ကုမ္ပဏီကြီးတွေရဲ့ စီးပွားရေးဈေးကွက် ကစားမှုတွေ၊ ချယ်လှယ်မှုတွေ၊ အဂတိတရားတွေကြောင့်အဓိက ဖြစ်နေတာပါ၊ Corruption (အကျင့်ပျက်ခြစားမှု) တွေပါ။
ဒါကိုဘယ်လိုကုစားကြမှာလဲ?
အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ချို့ရဲ့ အရည်အချင်းမရှိမှုတွေကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ယန္တရား ကြီးတစ်ခုလုံး ရပ်တန့်နေတာကို သမ္မတကြီးအပါအဝင် ပြည်သူက ဒီအတိုင်းထိုင်ကြည့်နေရတော့မှာလား?
ခုလဲလာပြန်ပြီ
MEC (တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း) က ကျပ်နှစ်သိန်းနဲ့ CDMA Mobile ဖုန်းလိုင်း (၁) သန်း မကြာခင် ရောင်းချပေးတော့မယ်တဲ့။ အတိအကျဆိုရင် ၂၀၁၂ စက်တင်ဘာ(၁) ရက်နေ့မှာတဲ့ … ။ အင်တာနက် သုံးလို့ရတဲ့ EVDO စနစ်ပါရင် နှစ်သိန်းခွဲ … တဲ့။ MEC နဲ့ နီးစပ်တဲ့သူတွေဆီကသတင်းအတိအကျ ရတာပါ။ (ပူးတွဲစာမှာ ပါတဲ့အတိုင်း MPT က ဆရာကြီးတွေနဲ့ တော့ ညှိရဦးမှာပါ)။ ဒီနေရာမှာ သမ္မတကြီးနဲ့ လွှတ်တော် က စဉ်းစားပေးရမှာက MEC အနေနဲ့က ဝန်ဆောင်မှုနဲ့ ဆက်ဆံရေးညံ့ဖျင်းတဲ့ MPT ကို ဝန်ဆောင်မှုရော အရည်အချင်းရော ပြိုင်ပြီးဈေးကွက် ယှဉ်ပြိုင် ၊ ဝန်ဆောင်မှု ပြိုင်မလို့ ဝင်လာတာလား၊ ဒါမှမဟုတ် … ဘတ်ဂျက် အဖြတ်ခံရတဲ့ ကာကွယ်ရေးအသုံးစရိတ်တွေ ထေမိဖို့ ငွေရ ရုံ သက်သက်လား၊ MPT ရဲ့ ညံ့ဖျင်းလှတဲ့ ဝန်ဆောင်မှု၊ အရည်အသွေးတွေကို ယှဉ်ပြိုင်ပြီး ပြည်သူကို အကောင်းဆုံး မဟုတ်တောင် MPT ထက် နဲနဲ သာတဲ့ ဆက်ဆံရေးမျိုး၊ ပုဂ္ဂလိကကဏ္ဍဦးစားပေးဖို့ ဝင်လာတာလား၊
ဒါဆိုရင်တော့ ကြိုဆိုရမှာပါ၊
နိုင်ငံတကာမှာလို မိုဘိုင်းအော်ပရေတာတွေ များလာလေ၊ ဈေးနှုံးရော ဝန်ဆောင်မှုပါကောင်းလာလေ၊ ရွေးချယ်စရာတွေ များလာလေလေ၊ ဈေးနှုံးနဲ့ အရေအသွေး တက်လာ လေလေ၊ ပြည်သူတွေ လဲသက်သာ နိုင်ငံတော်လဲဖွံ့ဖြိုးလာတာပေါ့။ ဒါပေမဲ့အခုဟာကတော့ အဲဒီလိုမထင်ပါဘူး ဘာကြောင့်လဲဆို “ရှစ်လုံးကြီး” ရဲ့ MEC ကနေလုပ်တာမို့လို့ပါ၊ ကကဆက်ရဲ့ အရာရှိတွေကို ZTE ရဲ့ စက်တွေတပ်ဆင်ခိုင်းပြီးထွက်လာတဲ့ ဖုန်းတွေ ရောင်းမှာမို့လို့ပါ။ သူလဲပဲဆက်သွယ်ရေးလို Master Plan မရှိ၊ Network Design နဲ့ Consaultant မရှိ၊ပညာရှင်အဖွဲ့မရှိ၊ မာကက်တင်း ဝန်ထမ်းမရှိ၊ တပ်မတော် ဝင်ငွေရလိုဇော တစ်ခုတည်းနဲ့ လုပ်တာဆိုရင်တော့ ပြည်သူတွေက အလိုမရှိပါဘူး။ ဒီလိုပြောလို့ တပ်မတော်ကို ဝင်ငွေမရစေချင်တာမဟုတ်ပါဘူး၊ တခြားနည်းလမ်းတွေနဲ့ အများကြီးရှာနိုင် ပါတယ်။ ပြည်သူကိုအောက်တန်းစားတွေလို ဆက်ဆံပြီးငါတို့လုပ်ပေးမှ၊ ငါတို့မှ မပေးရင် မင်းတို့ မိုဘိုင်းဖုန်းဆိုတာ မြင်ဘူးမှာတောင် မဟုတ်ဘူးလို့ သွေးနထင်ရောက်နေတဲ့ ဝန်ကြီးနဲ့ မိုဘိုင်းဌာနကအင်ဂျင်နီယာချုပ်နဲ့ ဝန်ထမ်းတွေနဲ့တင် ပြည်သူတွေကို နှိပ်စက်ဖို့ လုံလောက်နေပါပြီ။
နောက်ထပ် ကေပင်တိုင်တစ်ဖွဲ့ ထပ်မလိုတော့ပါဘူး
ဆက်သွယ်ရေးဝန်ကြီးဌာနတစ်ခုနဲ့ တင်လုံလောက်ပါတယ်လို့ သမ္မတကြီးကိုတင်ပြလိုပါတယ်။
ပြည်သူတွေအနေနဲ့လဲ GSM ဘဲ ဖြစ်ဖြစ်၊ CDMA ဘဲဖြစ်ဖြစ် နှစ်သိန်းဆိုရင်တော့ သူတို့ပြောပြောနေတဲ့၊ ဘယ်တော့ထွက်မယ်မှန်းမသိရတဲ့ ဆက်သွယ်ရေးဥပဒေဆိုတာကြီးပေါ်လာပြီး ၅၀၀၀ နဲ့ ရောင်းနိုင်မဲ့ ကုမ္ပဏီ ကိုပဲ မျှော်ရတော့မလို ဖြစ်နေပါပြီ။
ဒီဖုန်းကိစ္စနဲ့ တပ်မတော်နဲ့ MEC ကိုလဲ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ MPT ကို အော့ကြောလန် သလို မလန်ပါရစေနဲ့တော့။
တပ်မတော် ကာချုပ်ကြီးနဲ့ တပ်မတော်ကတာဝန်ရှိသူတွေကိုလဲ ပြည်သူတွေအပေါ်စေတနာမဲ့တဲ့၊ ငွေမက်တဲ့ ဆက်သွယ်ရေးကဝန်ကြီး အပါအဝင် ကျန်တဲ့လူတွေကို ကလော်ဆဲသလိုမဆဲချင်တော့တာလဲအမှန်ပါ။ MEC အနေနဲ့လဲ ဆက်သွယ်ရေးဝန်ကြီးလို GSM စီမံကိန်းကြီးမစခင် ဂျိုးပြောမိုးပြောနဲ့၊ ဆင်းကဒ်တွေကို လမ်းဘေးမှာပဲ ချရောင်းတော့မလိုလို … ဘယ်မှာဝယ်ဝယ် ဒီဈေးဘဲပိုပေးစရာမလိုဘူး … ပြောလိုပြောနဲ့။
အခု တကယ်ရောင်းတော့ ဟိုနယ်က ကဒ်မို့လို့ မပွင့်သေးဘူး၊ ဒီနယ်ကကဒ်ကတော့ ကဒ်ကို ရန်ကုန်မှာသွား ချိုးမိလို့ လိုင်းမပွင့်တာပါ၊ လိုင်းမပွင့်လို့ ပြောရင်လဲ ရောင်းတဲ့ကုမ္ပဏီကလဲ ဆက်သွယ်ရေးလွှဲချ၊ ဆက်သွယ်ရေးကလဲ ကုမ္ပဏီကြောင့်ဖြစ်တာလို့ ဘော်လီဘောပုတ်နဲ့။ ဘယ်နိုင်ငံမှာမှ မရှိတဲ့၊ မသုံးတဲ့စနစ်တွေ အမိန့်တွေထုတ်ပြန်ပြီး ရောင်းချနေတာ … နောက်ဆုံးတော့ ခံရတာက ပြည်သူတွေပါပဲ။
ဈေးနှုံးကလဲပိုမရောင်းရအောင် ကုမ္ပဏီတွေကိုခေါ်ယူသတိပေးတယ်တဲ့၊ သတိခေါ်ပေးတဲ့သူကိုယ်တိုင် က ကဒ်တွေကိုလိုသလောက်မရောင်းပဲ တမင်ထိန်းရောင်းနေတာတဲ့၊ ရောင်းလိုက်ရင် လိုင်းတွေကြပ် ကုန်မှာစိုးလို့တဲ့၊ ပြောမရမှာစိုးလို့တဲ့၊ စေတနာပဲရှိသယောင်ယောင် ( သမ္မတကြီးကိုလဲ ဒီအတိုင်း လိုင်းတွေကျပ်မှာစိုးလို့၊ ချဲ့နေတာတွေ မပြီးသေးလို့ ဆိုပြီးသွားတင်ပြထားတယ် ဆိုပဲ)
ခုတော့ မန္တလေးမှာ “ဂျီရိုးရိုး”က နှစ်သိန်းနှစ်သောင်းကနေသုံးသောင်း၊ WCDMA က သုံးသိန်းခွဲ ပေးဝယ်နေရတယ်လို့ သိရပါတယ်။ စီမံကိန်းလုပ်တဲ့ကုမ္ပဏီတွေက ရောင်းတဲ့ကဒ်တွေကို နယ်ကျော်ပြီး ဖွင့်မပေးဘူး။ ဒါပေမယ့် လက်ကားဆိုင်ကြီးတွေအနေနဲ့ မိုဘိုင်းစီအီးနဲ့ နီးစပ်တဲ့လူတွေ၊ ရတနာပုံတယ်လီပို့က ဦးမြင့်ဦးနဲ့ နီးစပ်သူတွေဆီမှာတော့ လိုသလောက်ရနိုင်ပါတယ်။
ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက် သိတယ်မဟုတ်လား
ဒါတွေဘာကြောင့်ဖြစ်နေတာလဲ။
ရိုးရိုးလေးပါပဲ။
အပေါ်မှာရှင်းပြခဲ့သလိုမတတ်လို့၊ မသိလို့ မဟုတ်ကြပါဘူး၊ ဆက်သွယ်ရေးကလူတွေ တစ်ယောက်မှ မအကြပါဘူး။ နောက်ကွယ်ကအကြောင်းတရားတွေကြောင့်ပါ။ နောက်ကွယ်က စီးပွားရေးသမားတွေ၊ ငွေရှင်တွေ၊ ကုမ္ပဏီကြီးတွေရဲ့ စီးပွားရေးဈေးကွက် ကစားမှုတွေ၊ ချယ်လှယ်မှုတွေ၊ အဂတိတရားတွေကြောင့် အဓိက ဖြစ်နေတာပါ။ အကြီးကျယ်ဆုံး လာဘ်စားမှုတွေ၊ မသမာမှုတွေကြောင့်ပါ။
ဒီ GSM စီမံကိန်းမှာ အမှန်တကယ်ကြီးပွားသွားတာက ဝန်ကြီး၊ မိုဘိုင်း CE ဦးသိန်းဝင်းနဲ့ Huawei ၊ ZTE တရုတ်ကုမ္ပဏီ နှစ်ခုနဲ့ ရတနာပုံတယ်လီပို့ က ဗိုလ်မှုးကြီးမြင့်ဦး တို့ပါ။
တရုတ်တွေဆီက Mobile MSC နဲ့ BTS တွေကို အခြားနိုင်ငံတွေမှာ ရောင်းတဲ့ဈေးထက် ၄၀% ပိုပေးဝယ်တယ်။
မိုဘိုင်း CE ကလဲ ယခင်ဝန်ကြီး လက်ထက်က လက်ကျန် Mobile BTS တွေ၊ Mini micro Link တွေ၊ (တကယ်တော့ နိုင်ငံတော်ဘတ်ဂျက်နဲ့ဝယ်ထားပြီးသား ဟာတွေပါ)။ တရုတ်တွေ Donation လုပ်ပေးတဲ့ အလကားရထားတဲ့ စက်ပစ္စည်းတွေကို စီမံကိန်းလုပ်တဲ့ ကုမ္ပဏီတွေကို ရောင်း၊ ပိုက်ဆံ ပြန်တောင်းတော့ သိန်း သောင်းချီပြီး ဝင်ပြန်ရော။
ကုမ္ပဏီတွေကလဲ သိသိကြီးနဲ့ နိုင်ငံတော်ကနေ (တကယ်တော့ ပြည်သူတွေဆီက ပိုက်ဆံပါ) ပြန်ပေးတာပဲ။ အိပ်စိုက်ပေးရတာမဟုတ်ဘူး ဆိုပြီး မပြောကြဘူး။
ခုတော့ သမ္မတကြီးက ခင်ဗျားတို့ဟာ ဈေးတွေကြီးနေတယ်၊ ဈေးနှုံးတွေ ချပါလို့ ဆိုတော့၊ တကယ့်အရင်းအမြစ်ဖြစ်တဲ့ ၄၀% ပိုပေးထားရတဲ့ တရုတ်တွေကို မထိရဲဘဲ ဘာမှမဆိုင်တဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေရဲ့ တာဝါတိုင်တွေ၊ မီးစက်တွေ၊ အဆောက်အဦဆောက်တဲ့ ပန်းရံလက်သမားခတွေ အထိ လိုက်ပြီး ချစ်တီးကျတဲ့ အခါကျတော့ ဖေါ်ပြီပေါ့၊ ဝေဖန်ပြီပေါ့ ၊ အပြင်မှာ ပွစိပွစိ ပြောကြပြီပေါ့၊
သမ္မတကြီးဆီလဲရောက်မှာပါ၊ ရွှေသံလွင်တို့ ကျိုင်းတုံက အောင်ချမ်းသာတို့လဲ ပါတာကိုး။ သူတို့လဲပြောကြမှာပါ။
ပါဝင်တဲ့ ကုမ္ပဏီတွေက ဘာပြောကြသလဲသိလား။
ဆက်သွယ်ရေးက GSM စီမံကိန်းကြီးကို ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ အရင်းအနှီးနဲ့ စိုက်လုပ်ခိုင်းတယ်။
ကုမ္ပဏီတွေကို အရင်းအနှီးအတွက် ဘဏ်တိုးဘဲ ပြန်ပေးတယ်၊ အမြတ်တွေကျတော့ သူတို့ယူသွား တယ်တဲ့။
(မိုဘိုင်း CE ကတော့ ကုမ္ပဏီတွေကို ပေါ်တင် ခြိမ်းခြောက်ထားတယ်၊ သူပြုတ်ရင် တယောက်ထဲတော့မခံဘူး၊ ဝန်ကြီးအပါအဝင် အကုန်ဆွဲခေါ်သွားမယ်ဆိုဘဲ၊ အားလုံး များတာနဲ့ နဲတာဘဲကွာမယ်၊ ညိနေကြတဲ့သဘောပေါ့)
ဆက်သွယ်ရေးမှာဝန်ကြီးအပါအဝင် MD ၊ DG နဲ့ အရာရှိကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပေါင်းလိုက်မှ လူ(၂၀) မကျော်ပါဘူး ၊ (အားလုံးကိုမဆိုလိုပါ၊ ကောင်းတဲ့သူတွေကိုတော့ တောင်းပန်ပါတယ်)
တစ်ဖက်မှာသန်း(၆၀) သော ပြည်သူတွေရှိပါတယ်။
လူ (၂၀) နဲ့ သန်း(၆၀) ဘယ်သူကိုဦးစားပေးမှာလဲ?
ဒီတော့ တပ်မတော်နဲ့ MEC ကရော ဘာလုပ်မှာလဲ
ဆက်သွယ်ရေးလိုပဲ အမြတ်အစွန်းကြီးမားပြီး စားကွက် ဝါးကွက် ပေါတဲ့ မိုဘိုင်းဖုန်းလောကကို လက်ဝါးကြီးအုပ် ချယ်လှယ်ပြီး၊ ကိုယ်ကျိုးရှာဖို့၊ ပြည်သူကိုဂုတ်သွေးစုပ်ဖို့ ဝင်လာတာလား။
ဒီလိုမှမဟုတ် ဆက်သွယ်ရေးရဲ့ ညံ့ဖျင်းလှတဲ့ဝန်ဆောင်မှုတွေကို သင်ခန်းစာယူပြီးပြည်သူအတွက် ဝန်ဆောင်မှု ကောင်းကောင်းနဲ့ ဈေးကွက်ယှဉ်ပြိုင်ဖို့ ဝင်လာတာလား။
ဘာကိုရွေးမှာလဲ …
ပြည်သူတွေရဲ့ ရင်တွင်းဆန္ဒက အမှန်ကတော့ ဂျီလဲမဟုတ်၊ စီလဲမဟုတ်၊ ငါးထောင်လဲ မဟုတ်၊ နှစ်သိန်းလဲမဟုတ်ပါ။နိုင်ငံသားတယောက်ရဲ့ ဥပဒေပါ ရပိုင်ခွင့်အတိုင်း လူလူသူသူ ဆက်ဆံခံရပြီး၊ကိုယ်ပေးလိုက်ရတဲ့ငွေနဲ့ တန်တဲ့ ဝန်ဆောင်မှု ပြန်ရရင်တော်ပါပြီ။အခုကို ၂၀၁၂ နှစ် ဝက်ကျိုးတော့မယ်၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ ခဏလေးပါ။
လူတိုင်း ကိုယ့်သမိုင်း ကိုယ်တိုင်ရေးကြရမှာပါ။
မျှော်လင့်လျှက်ပါ … ငါးထောင်တန်။
credit:http://moemaka.com