မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ

လွတ်လပ်အေးချမ်းတည်ငြိမ်သော ဒီမိုကရေစီ နိုင်ငံသားများ ဖြစ်ကြပါစေ

Sunday, July 22, 2012

ဘဝကိုအရင်းတည် ပညာကို အမှီပြု ပြန်လည်ထုဆစ်ရတဲ့ ဘဝ

လောကကြီးမှာ ဘဝအမျိုးမျိုး လှုပ်ရှားမှုအမျိုးမျိုး နဲ့ ရှင်သန်နေထိုင် အသက်ရှင်လှုပ်ရှားနေရပါတယ်။ လူတိုင်းဟာ ကိုယ်ပိုင်ဘဝတွေ ကို ဖန်တီးထုဆစ်ရာမှာ ကောင်းသထက်ကောင်းအောင် သူတို့ ရဲ့ လက်ရှိဘဝတွေ နဲ့ အတတ်ပညာ၊အသိပညာတွေကိုရင်းနှီးရှာဖွေရပါတယ်။အဲဒီလိုရလာတဲ့ Tool တွေ နဲ့ လက်တွေ့ ဘဝကို ဘယ်လိုပုံဖော်ထုဆစ်မလဲဆိုတာ ၊ အဲဒီ Tool တွေ က အသုံးဝင်တဲ့ Tool တွေ ဖြစ်မနေဘူးဆိုရင် မျှော်လင့်ချက်တွေ ပျေက်ဆုံးသွားမှာပါ။

ကျွန်တော် ဟာ မိဘနှစ်ပါးကတစ်ယောက်တည်းမွေးလာတဲ့ တစ်ဦးတည်းသောသားပါ။တစ်ချို့လူတွေ ကတော့ ကျွန်တော်လိုလူမျိုးတွေကို ပိုက်ဆံရှိတဲ့သူဆို တစ်ဦးတည်းသောသား ပိုက်ဆံမရှိတဲ့လူကို ကြတော့ တစ်ကောင်ကြွက် တဲ့။ ဘယ်သူတွေ ဘယ်လိုပဲပြောပြောပါ တစ်ယောက်တည်း အထီးကျန်ကျန် နေရတာတော့ အမှန်ပါ။

ဘာကြောင့်လည်းဆိုတော့ ကျွန်တော်မိဘများက အရောင်းအဝယ်သမားများဆိုတော့ အိမ်မကပ်နိုင်ဘူး။အဲဒါကြောင့် ပဲ ကျွန်တော် ဟာ ငါးတန်းလောက်ကတည်းက ကိုယ့် ဘဝ ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ပဲကြီးပြင်းခဲ့ရတယ်။အဲဒီလိုနဲ့ နေလာတာ ကျွန်တော် ဘဝ ဆိုတာ ကို အနည်းငယ်နားလည်သယောင် ရှိလာပါတယ် ဒါပေမဲ့ အဲဒီဘဝဆိုတာ ကြီးကဘယ်သော်အခါမှ ပြီးပြည့်စုံသော နားလည်မှု ရမှာမဟုတ်ဘူးဆိုတာ ပိုပြီးနားလည်လာတယ်။
အဲဒီလို ဘဝ ကနေစပြီး ပညာတွေ လေ့လာသင်ယူစေခဲ့ပါတယ်။ကျွန်တော် ဘဝ ဟာ မချိုမြိန်ပါဘူး မိဘများမှာတော့ ကျွန်တော် ဘဝ ချိုမြိန်ဖို့အတွက် ပညာအမွေတွေ ကို ပေးခဲ့ပါတယ်။

ကျွန်တော်ဆယ်တန်းကျောင်းသား ဘဝ က ကျွန်တော်တို့မိသားစု ရဲ့ စီးပွားရေး အခြေနေ အတော်လေးကို ဆိုးရွားခဲ့တဲ့ နှစ်ပါ။ဘယ်လောက်ထိ အခြေနေမကောင်းခဲ့လည်းဆိုရင် သုည အဆင့်ထိကိုရောက်ရှိသွားခဲ့ ပါတယ်။သုည မှ ဘယ်လို သုည လည်းဆိုတော့ ဂဏန်းတွေ ရှေ့က သုညပါ။ဆယ်တန်းကျောင်းသား ဘဝကို ကျွန်တော်မိဘများမှာ သူများလူငှား လိုက်ပြီး ကျောင်းတက်စေခဲ့ပါတယ် ။အဲဒါတွေ ကို နားလည်ခဲ့တဲ့ ကျွန်တော်ဟာ ကျောင်းသွားလို့ မုန့်ဖိုးပေးရင် မယူပါဘူး သူများတွေ မုန့်စားဆင်းချိန်ဆို ကျွန်တော် မုန့်ဆိုင်ကို မသွားပါဘူး ဘယ်သူကျွေးကျွေးလည်း မစားပါဘူး ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်က ပြန်မကျွေးနိုင်မှာဆိုးလို့ပါ။ကျွန်တော် ကို အဲဒီလို လူငှား လိုက်ပြီး ကျောင်းထားတယ်ဆိုပေမဲ့ ကျူရှင်စရိတ်၊ ကျောင်းစရိတ် ကို တစ်လမှ သူများထက်နောက်မကျအောင် ပေးလေ့ရှိပါတယ်။
ဒီနေရာ ကျွန်တော် ကျူရှင်တွေ ဖြစ်ပေါ်လာတဲ့ အမြင်လေး ကို ပြောပြချင်ပါတယ်။ကျူရှင်တွေ ဘာလို့ ပေါ်လာသလဲ ပညာရေး ကို အင်မတန် စိတ်အားထက်သန်တဲ့ ပိုက်ဆံရှိမိသားစု အသိုင်းအဝိုင်းတွေ က စခဲ့တယ်လို မြင်ပါတယ် ။ အဲဒါကို စီးပွားရေး မျက်စိ ရှိတဲ့ လူတွေက ကောင်းကောင်းအသုံးချပြီး ကျူရှင်ဆိုတာ ကြီးကို ကောင်းကောင်းအသက်သွင်းပါတော့တယ် ။ဘယ်လောက်ထိဆိုးရွားလာသလဲဆိုရင် ကျူရှင်ဆိုတဲ့ ပယောဂ ကြီး ကျောင်း ရဲ့ စာသင်ခန်းတွေ အထိတောင် သက်ရောက်လာခဲ့ပါတယ်။ ကျူရှင်မတက်နိုင်ရင် စာကောင်းကောင်းနားမလည်တဲ့ ဘဝအထိရောက်သွားတယ် ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းမှာ ဆရာ/ဆရာမ တွေ စာကောင်းကောင်းမသင်တော့ပါဘူး။ဒါကြောင့် ဘယ်လောက်အထိမတက်နိုင် တဲ့ကြားကပဲဖြစ်ဖြစ် ကျူရှင် ကို မဖြစ်မနေ ထားရတဲ့ အခြေနေမျိုးတွေ ဖြစ်လာပါတယ်။မိဘများမှာ လည်း မိမိရဲ့သားသမီးများ ပညာရဖို့ သူတို့တွေ ရဲ့ ဘဝ ကို ချွေးတွေနဲ့ပဲလုံးထွေးစေခဲ့တယ်။
နောက်ပြီး တစ်ခုပြောရအုံးမယ် ကျွန်တော်က ကျူရှင်တက်တယ်ဆိုတာ သူများတွေလို ကျောင်းကသင်တဲ့ဆရာတွေ ဆီမှာ မတက်ဘူး မတက်တော့သူတို့တွေ ရဲ့ ညိုညင်မှုကိုလည်း မကြာခဏ ခံရလေ့ရှိပါတယ်။ကျွန်တော် ကိုးတန်း နှစ်လောက် က ဆရာမတစ်ယောက် ကို တိုင်ဘူးတယ် ကျူရှင်ခေါ်သင်ပြီး ကျောင်းမှာ စာမသင်လို့ အဲဒါနဲ့ နောက်ရက်ကျ အဲဒီဆရာမ ကျောင်းလည်း စာကောင်းကောင်း သင်လာတယ် ။ ကျွန်တော်ကိုလည်း သူဆီမှာ ပိုက်ဆံမယူပါဘူး လာတက်ပါလို့ ပြောတဲ့ဗျာ ။ ကျွန်တော်ဘယ်လောက်စွမ်းသလဲ စာရေးဆရာ နေဝင်းမြင့်ပြောသလို တောက်မည့်မီးခဲတစ်ရဲရဲ ပေါ့ ဟဲ ဟဲ။
ဒီလိုနဲ့ ကျွန်တော် ရဲ့ ကြိုးစားမှုတွေ ကို အသိမှတ်ပြုတဲ့ အနေနဲ့ ဆယ်တန်းကို ဂုဏ်ထူးတစ်ခုမှမပါပဲ အောင်ခဲ့ပါတယ် ဟီးဟီး ။ ဂုဏ်ထူးသာမပါတာ ကျွန်တော် စက်မှုလက်မှုအသက်မွေးဝမ်းကျောင်း မှာ တက်ခွင့်ရခဲ့ပါတယ်။ဒါကြောင့် ဆရာ/ဆရာမတွေ ရဲ့ အမြင်မှာ မတော်သော်လည်း မချော်သော တပည့်တစ်ယောက် ဖြစ်ခဲ့ရပါတယ်။
အဲဒီတော့ ကျွန်တော် မိဘများမှာ မောပြီပေါ့ ကျွန်တော် က အဝေးသင်တက်ပြီး စီးပွားရေး ထွက်လုပ်မယ်လို့ပြောပါတယ် လက်မခံပါဘူး ကျွန်တော် ရဲ့ အဆိုပြုချက်ကို ဒါနဲ့ပဲ ပြန်လည် ရုပ်သိမ်း လိုက်ရပါတယ်။


အဲဒီလိုနဲ့ ကျောင်းတက်ရင်းနဲ့ ငါကျောင်းပြီးရင် ဘာလုပ်ရပါ့မလဲ ဆိုပြီး အတွေးတွေ စတင်ဝင်ရောက်လာတဲ့ အရွယ်တစ်စိတ်တစ်ပိုင်းကို ခြေချမိလာပါတယ် ဒီလိုအတွေးတွေ နဲ့ ပဲကျောင်း ကိုဆက်ပြီး တက်စေခဲ့ပါတယ်။ကျောင်းသားသက်ရင့်လာတာနဲ့အမျှ ကျောင်းရဲ့ လိုအပ်ချက်တွေ ကျောင်းသားတွေ ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ၊ မျှော်လင့်ချက်တွေ ၊ သင်ကြားသင်ယူမှုတွေနဲ့ ဘယ်လောက်ထိ ထောက်ပံ့မှုပေးနိုင်သလဲ ဆိုတာတွေ ၊ ကျွန်တော် ကိုယ်တိုင်တွေ့မြင်ရလာတော့အတော်ကို ဝမ်းနည်းစိတ်မကောင်းဖြစ်မိရပါတယ်။ အခုအချိန်ထိလည်း ဒီဒဏ်တွေ ကို ကျောင်းသားများဟာ ကောင်းကောင်းခံနေရမှာမလွယ်ပါဘူး။ဘာကြောင့်လည်းဆိုတော့ မျှော်လင့်ချက်ဆိုတာ လူ တစ်ယောက်ရဲ့ အနာဂတ် ပါ။မျှော်လင့်ချက်ကင်းမဲ့နေတဲ့လူသားတစ်ယောက် ရဲ့ ဘဝ အနာဂတ် ဆိုတာ လားလားမျှ ကောင်းမည်မဟုတ်ပါ။ဒါတွေဟာ ကျွန်တော်တို့ ကျောင်းသားအများစု ကြုံတွေ့ခံစားနေရတဲ့ ဝေဒနာပါ။
ကျွန်တော်တို့ လူငယ်အများစု/ကျောင်းသားအများစုဟာ တစ်နှစ်ထက်တစ်နှစ် လေ့လာမှု၊သင်ယူမှု ၊တွေးခေါ်မှုတွေ နည်းသထက်နည်းလာပါတယ် ။ကျွန်တော် ကိုယ်တိုင်လည်း အဲဒီ အိမ်မက်ဆိုးတွေကြားက ရုန်းထွက် နိုင်အောင် အခုချိန်ထိ ကြိုးစားနေဆဲပါ။


ကျွန်တော်အပါအဝင် ကျောင်းသားအများစု ဟာ ပြည့်ပြည့်စုံစုံ နဲ့ ပညာကို သင်ယူခွင့်ရတဲ့လူဟာ နည်းပါတယ်။ ဒီလိုကျောင်းတက်နိုင် ဖို့ ကျွန်တော်တို့ ရဲ့ မိဘတွေ ဟာ သူတို့ရဲ့ ဘဝတွေ ကို အရင်းတည်ပြီး ကိုယ့်သားသမီး တွေ ပညာတက်တွေ ဖြစ်စေဖို့ ကြိုးစားခဲ့ရပါတယ်။အဲဒီပညာတွေ သင်ပြီး ဘွဲ့ တွေ ရခဲ့သည်တိုင်အောင် ကျွန်တော်တို့ ဟာ ဘဝ ရဲ့ အာမခံချက်ကို တစ်စုံတစ်ခုမျှ မရခဲ့ပါဘူး။အရေအတွက်တွေ များပြားသလောက် အရည်အချင်းတွေ နည်းပါးလာတာ ဘာကြောင့်လည်း ပြန်တွေးကြည့်ရင် ပထမ ဆုံး အပြစ်တင်ရမှာ ကျွန်တော်ကိုကျွန်တော် အပြစ်တင်ရမှာပါ။ကျွန်တော်လည်း အရေအတွက်ထဲက လူတစ်ယောက် ဖြစ်နေလို့ပါ။ အခုဆိုရင် ကိုယ်တိုင် ဘဝ ကိုထုဆစ်ဖို့ အချိန်ကျရောက် လာသည့်တိုင်အောင် ကျွန်တော် ပိုင်ဆိုင်ထားတဲ့ ဘွဲ့ ဆိုတဲ့ အကာသက်သက် အရည်အချင်းတွေက ဘဝကို ပုံဖော်ထုဆစ်ဖို့ အမှီမပြုနိုင်ဘူးဆိုတာ သဘောပေါက်လာတယ် နားလည်လာတယ်။
ဘာတွေဘယ်လိုပြင်ဆင်နိုင်မလဲ လို့ ကျွန်တော်စဉ်းစားပါတယ် အရင်ဆုံး ကိုယ်တိုင် ပြုပြင်သင်ယူရမယ်ဆိုတာ နားလည်လာတယ်။


ဘဝနဲ့ရင်းပြီးသင်ယူခဲ့ရတဲ့ ပညာ တွေ ကို တဖန်ပြန်လည် ဘဝကို ထုဆစ်ဖို့ အချိန်ကျရောက်လာတဲ့ အခါမှာ အမှီပြုနိုင်တဲ့ ပညာ တစ်ခု အဖြစ် ပတ်ဝန်းကျင် က ဖန်တီးမပေးနိုင်တောင်မှ ကိုယ်တိုင်ဖန်းတီယူနိုင် ကြပါစေလို့ ဆုတောင်းရင်းနဲ့အဆုံးသတ်လိုက်ရပါတယ်။

No comments:

Post a Comment